CNI International News

တိုကျို၊ အောက်တိုဘာ ၂၉

အမေရိကန်သည် အင်အားအကြီးဆုံး မဟာမိတ်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ကို ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ၎င်း၏ အာရှခရီးစဉ်အတွင်း အောက်တိုဘာ ၂၇ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာချိန်၌ ဂျပန် ဝန်ကြီးချုပ် တာကာအီချီက နွေးထွေးစွာ ကြိုဆိုခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံချိန်တွင် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး တာကာအီချီက “ဒါက အရမ်းကို သန်မာတဲ့ လက်ဆွဲ နှုတ်ဆက်မှု ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

“တကယ်တမ်း ပြောရမယ်ဆိုရင် ဝန်ကြီးချုပ် အာဘေး (ယခင် ဂျပန်ဝန်ကြီးချုပ်) က ရှင့်ရဲ့ အင်တိုက်အားတိုက် ရှိတဲ့ သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုတွေ အကြောင်းကို ကျမကို မကြာခဏ ပြောခဲ့ဖူးပါတယ်”ဟု တာကာအီချီက ပြောကြားခဲ့သည်။

ထရမ့်ကလည်း တာကာအီချီကို ဂျပန်၏ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသည်မှာ အလွန် ကြီးမားသည့် တာဝန်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များကို အလေးထား ပြောခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီကို တွေ့ရစဉ် 

“ဂျပန်နိုင်ငံအတွက် ကျနော် လုပ်ပေးနိုင်တာရှိရင် ကျနော်တို့ အမြဲတမ်း ကူညီပေးသွားမှာပါ။ ကျနော်တို့က အင်အားအကြီးဆုံး မဟာမိတ်ဖြစ်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်နှင့် တာကာအီချီတို့သည် ကုန်သွယ်ရေး၊ မြေရှားသတ္တုများ ထောက်ပံ့ရေးတို့နှင့်ပတ်သက်ပြီး သဘောတူညီ ချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့နောက် ထရမ့်သည် ဂျပန်နိုင်ငံတွင် ဆိုက်ကပ်ထားသည့် အမေရိကန်လေယာဉ်တင် သင်္ဘောဖြစ်သည့် USS George Washigton သင်္ဘောပေါ်သို့ တာကာအီချီနှင့်အတူ သွားရောက်ခဲ့ပြီး အမေရိကန် စစ်သားများကို တွေ့ဆုံ နှုတ်ဆက်ကာ မိန့်ခွန်းပြောခဲ့သည်။

ထရမ့်သည် ဂျပန်ခရီးစဉ်အပြီး အောက်တိုဘာ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်သလို အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးကို တက်ရောက်ရန် စီစဉ်ထားသည်။

Source: အေပီ