CNI International News

တိုကျို၊ ဇူလိုင် ၂၄

အမေရိကန်တွင် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်ရန် အလွန် နီးစပ်နေပြီဖြစ်သည့် ဒုတိယသမ္မတ ကာမယ်လာ ဟားရစ်(Kamala Harris) ၏ အာရှရေးရာ မူဝါဒများသည် ဂျပန်၏ စိုးရိမ်မှုများကို ပြေလျော့စေနိုင်ဖွယ်ရှိကြောင်း Japan Times မှ ဖော်ပြခဲ့သည်။

အသက် ၅၉ နှစ်အရွယ် ဟားရစ်သည် ဂျပန်နှင့် မဟာမိတ်ဖွဲ့မှုကို ဆက်လက် ထောက်ခံပြီး တရုတ်ကို တန်ပြန်မှု များ ဆက်လက် လုပ်ဆောင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။

ဇူလိုင် ၂၁ ရက်က သမ္မတဂျိုးဘိုင်ဒန် (Joe Biden) သည် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဟားရစ်ကို ၎င်းနေရာ အစားထိုးမည့် ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဟားရစ်သည် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ် ၄ နှစ်၊ ဒုတိယသမ္မတအဖြစ် ၃ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း အာရှမှ မဟာမိတ်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ဆက်ဆံရေးများ တည်ဆောက်ခဲ့သည်။

အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အငြင်းပွားဖွယ် လှုပ်ရှားမှုများ၊ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုကို တုန့်ပြန်ရာ၌ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် စည်းလုံး ညီညွတ်စွာ ရပ်တည်နေသည့် အမေရိကန်၏ မူဝါဒများကို ဟားရစ်က ထောက်ခံခဲ့သည်။

ကာမယ်လာဟားရစ်နဲ့ ဂျပန်၀န်ကြီးချုပ် ကီရှီဒါကို တွေ့ရစဉ်

ထို့ကြောင့် ဟားရစ်သည် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရပြီး သမ္မတအဖြစ် ရွေးကောက်ခံရပါက အမေရိကန်၏ ဂျပန်အပေါ်ထားရှိသည့် မူဝါဒများ ကြီးကြီးမားမား  အပြောင်းအလဲ မရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

"အမေရိကန်ရွေးကောက်ပွဲမှာ ဟားရစ်ပဲ ရွေးကောက်ခံရမလား၊ အရင်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ပဲ ပြန်လည်ရွေးကောက် ခံရမလားဆိုတာကို စောင့်ကြည့်ရပါမယ်။ ဟားရစ်နဲ့ ဘိုင်ဒန်တို့ရဲ့ နိုင်ငံခြား ရေးမူဝါဒနဲ့ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ မတူညီဘူးဆိုတာကို ဂျပန်အစိုးရက ကောင်းကောင်း သိရှိထားပါ တယ်" ဟု ဒတ်မောင့် တက္ကသိုလ် (Dartmouth University) မှ ပါမောက္ခဖြစ်ပြီး အရှေ့အာရှ မူဝါဒရေးရာ ကျွမ်းကျင်သူ ဂျင်နီဖာ လင်း (Jennifer Lind) က ပြောကြားခဲ့သည်။

ဂျပန်သည် ထရမ့်၏ ဆိုးရွားသည့် သံတမန်ရေး ချဉ်းကပ်ဆောင်ရွက်မှုများကို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သဖြင့် ထရမ့် ရွေးကောက်ခံရပါကလည်း အလွန်စိုးရိမ်စရာကောင်းသည့် အခြေအနေမဟုတ်ပေ။ 

ဟားရစ်ကမူ အာရှတွင် ဘိုင်ဒန်၏ မူဝါဒများကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားထားသဖြင့် ဂျပန်အတွက် ဟားရစ်နှင့်ထရမ့်တို့ မည်သူပဲ ရွေးကောက်ခံရစေကာမူ စိုးရိမ်စရာ မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Japan Times