CNI International New

နယူးဒေလီ၊ ဇူလိုင် ၂၄

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်နက်တင်ပို့ရောင်းချမှု အများဆုံး ထိပ်သီး ၂၅ နိုင်ငံ စာရင်း၌ ပါဝင်လာခဲ့ သည်ဟု Economic Survey စစ်တမ်းက ဇူလိုင် ၂၂ ရက်တွင် ဖော်ပြခဲ့သည်ဟု The Hindu သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယသည် ကမ္ဘာ့ဒုတိယအများဆုံး လက်နက်ဝယ်ယူ   တင်သွင်းသည့်နိုင်ငံ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် အနေအထားမှာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုသည် ရူပီး ၇၄,၀၅၃ ကုဋေ အထိ မြင့်တက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရူပီး ၁၀၈,၆၈၄ ကုဋေအထိ မြင့်တက်ခဲ့ကာ ကာကွယ်ရေးပစ္စည်း တင်ပို့ ရောင်းချမှုကို မြင့်တက်စေခဲ့သည်။

အိန္ဒိယရဲ့ စစ်လက်နက်တွေကိုတွေ့ရစဉ်

ပုဂ္ဂလိကကဏ္ဍနဲ့ ကာကွယ်ရေး ပြည်သူ့ကဏ္ဍ လုပ်ငန်းများ (DPSUs) အပါအဝင် ကာကွယ်ရေးကဏ္ဍသည် ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချမှုကို စံချိန်တင် မြင့်တက်စေရန် အရှိန်အဟုန်ဖြင့် စွမ်းဆောင်နိုင်ခဲ့ ကြောင်း စစ်တမ်းတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချသည့် ကုမ္ပဏီများကိုလည်း ပို့ကုန်ခွင့်ပြုချက်များကို တိုးမြှင့်ပေးခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ခွင့်ပြုချက် ၁၄၁၄ မှ ၂၀၂၄ ဘဏ္ဍာနှစ်၌ ပို့ကုန်ခွင့်ပြုချက် ၁၅၀၇ အထိ တိုးမြှင့်ပေးခဲ့ သည်။

Dornier-228 လေယာဉ်၊ လက်နက်ကြီး အမြောက်များ၊ BrahMos ဒုံးကျည်များ၊ Pinaka ရော့ကတ်များနှင့် လောင်ချာများ၊ ရေဒါများ၊ ကျည်ကာကားများကဲ့သို့ ကာကွယ်ရေး ထုတ်ကုန်များနှင့် ပစ္စည်းကိရိယားများကို တင်ပို့ရောင်းချနေသည့် ပြည်တွင်းကုမ္ပဏီပေါင်း ၁၀၀ ခန့်ရှိသည်ဟု စစ်တမ်းတွင်ဖော်ပြခဲ့သည်။

လက်နက်ကြီးကျည်ဆံကိုတွေ့ရစဉ်

အစိုးရသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချမှုကဏ္ဍကို မြှင့်တင်ရန် မူဝါဒ အများအပြားအား ချမှတ်လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်ကို အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ထိုကဲ့သို့ ကာကွယ်ရေးပစ္စည်းများ တင်ပို့ရောင်းချမှုကဏ္ဍ မြင့်တက်လာမှုနှင့်အတူ အိန္ဒိယသည် ကမ္ဘာပေါ်တွင် လက်နက်များ တင်သွင်းဝယ်ယူမှု အများဆုံးနိုင်ငံများ စာရင်းတွင်လည်း ဆက်လက် ပါဝင်နေဆဲဖြစ်သည်။ 

အိန္ဒိယ၏ ၂၀၁၉-၂၀၂၃ ခုနှစ်အတွင်း လက်နက်များ တင်သွင်းဝယ်ယူမှုသည် ၂၀၁၂-၂၀၁၈ လက်နက်တင်သွင်း ဝယ်ယူမှုနှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟုလည်း စစ်တမ်းတွင် ဖော်ပြခဲ့သည်။

Source: The Hindu