CNI International News

နယူးဒေလီ၊ ဧပြီ ၂၇ 

အိန္ဒိယနိုင်ငံတွင် ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အထိ ရွေးကောက်ပွဲများကို အဆင့် ၇ ဆင့်ခွဲပြီး ကျင်းပမည်ဖြစ်ရာ ထိုရွေးကောက်ပွဲများ၌ ပါဝင်မဲပေးခွင့်ရှိသူ သန်း ၉၀၀ အထိရှိခဲ့သဖြင့် ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲဟု ခေါ်ဆို နိုင်ကြောင်း News Bomb  သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

မဲရုံစုစုပေါင်း ၁ သန်းခန့် ရှိမှုနှင့်အတူ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက် သန်း ၉၀၀ ရှိသဖြင့် ထိုအရေအတွက်သည် ဥရောပတိုက်နှင့် သြစတြေးလျတိုက် နှစ်ခုတွင် နေထိုင်သည့် လူဦးရေ စုစုပေါင်းထက် ပိုမိုများပြားနေသည်ကို တွေ့ရမည်ဖြစ်သည်။

 မေလ ၂၃ ရက်တွင် မဲရေတွက်မှုများကို ပြုလုပ်မည်ဖြစ်ပြီး ထိုနေ့မှာပင် မဲရလဒ်ကို ကြေညာမည် ဖြစ်သည်။

လွှတ်တော်ဆိုင်ရာ ဒီမိုကရေစီသည် အိန္ဒိယကို အုပ်ချုပ်နေသည့် အဓိကကျသည့် နိုင်ငံရေး ယန္တရားတစ်ခု ဖြစ်သည်။ 

ရွေးကောက်ပွဲမှာ မိုဒီ မဲဆွယ်ထားစဉ်

၅ နှစ်လျှင် ၁ ကြိမ် တစ်နိုင်ငံလုံး၌ ကျင်းပနေသည့် အောက်လွှတ်တော် (Lok Sabha) ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းဖြစ်သည်။ 

အိန္ဒိယ၏ ဖက်ဒရယ်တည်ဆောက်မှု အဆင့်ဆင့်ကို စီမံခန့်ခွဲပြီး ရွေးကောက်ပွဲများ ပြုလုပ်ခြင်းသည် အိန္ဒိယ ဒီမိုကရေစီ၏ အနှစ်သာရကို ပုံဖော်ခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ၅၄၅ ဦးရှိသည့် အောက်လွှတ်တော်တွင် ၅၄၃ ဦးကို လူထုက တိုက်ရိုက်မဲပေး ရွေးချယ် တင်မြှောင်ခြင်းဖြစ်ပြီး ကျန် ၂ ဦးကို အိန္ဒိယသမ္မတက ဗြိတိန်-အိန္ဒိယနွယ်ဖွား အသိုင်းအဝိုင်းအတွင်းမှ ရွေးချယ် ခန့်အပ်ခြင်း ဖြစ်သည်။

 မိုဒီကို တွေ့ရစဉ်

လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲများသည် (၁) ရွေးကောက်ပွဲကို စီမံလုပ်ဆောင်ရန် လွတ်လပ် သည့် ရွေးကောက်ပွဲဆိုင်ရာ စီမံဆောင်ရွက်ရေးအဖွဲ့၊ (၂) ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များ၊ (၃) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို ထိရောက်သည့် ဖြေရှင်းမှုယန္တရား အစရှိသည့် အချက် သုံးချက် ရှိရမည်ဖြစ်သည်။

အိန္ဒိယသည် ထိုအချက်များအားလုံးနှင့် ကိုက်ညီနေသည်။

ဗဟိုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲတွင် အကျင့်ပျက်ခြစားမှုနှင့် ဆက်နွှယ်သည့် အဓိကဖြစ်စဉ်များ ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခိုင်မာသည့် လုပ်ပိုင်ခွင့်ကို ရရှိထားသည်။

ထို့ကြောင့် ပါတီများအနေဖြင့် ရွေးကောက်ပွဲ မဲရလဒ်များကို ကြိုးကိုင်ချယ်လှယ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ထိန်းချုပ်မှုကို ဆန့်ကျင်ပြိး ရွေးကောက်ပွဲကို အနိုင်ယူခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ကြားဝင်စွက်ဖက်ခြင်းတို့ ပြုလုပ်နိုင်ခြင်းမရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

Source: News Bomb