CNI International News

ဘန်ကောက်၊ ဧပြီ ၂၇

ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများ ထွက်ပေါ်နေချိန်၌ ဧပြီ ၂၆ ရက် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) နှင့် ဘန်ကောက်မြို့တော်ရှိ ဟိုတယ်တစ်ခုတွင် တွေ့ဆုံကာ နေ့လည်စာ စားခဲ့ကြသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ဆရီသာနှင့်အတူ ၎င်း၏ လက်ထောက်ဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) နှင့် အတွင်းရေးမှူးချုပ် ပရွမ်မင် လတ်ဆူရီဒက် (Prommin Lertsuridej) တို့လည်း လိုက်ပါလာခဲ့သည်ဟု ဆိုသည်။

အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာသော သက်ဆင်သည် လက်ရှိ ထိုင်းနိုင်ငံရေး အခင်းအကျင်းတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရသည်။

ဆရီသာသည် သက်ဆင် ထူထောင်ခဲ့သည့် ဖြူးထိုင်းပါတီမှ ဝန်ကြီးချုပ် ဖြစ်လာခဲ့သူဖြစ်ပြီး သက်ဆင်၏ သမီးဖြစ် သူ ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဖြူးထိုင်းပါတီ ခေါင်းဆောင်ဖြစ်သည်။

 သက်ဆင်နဲ့ ဆရီသာကို တွေ့ရစဉ်

နေ့လည်စာစားပွဲတွင် ပါဝင်သူအားလုံးသည် သက်ဆင်၏ ယုံကြည်မှုကို ကာလကြာရှည် ရရှိထားသည့် ဖြူးထိုင်းပါတီ၏ အကြီးအကဲများဖြစ်သည်။

ဆရီသာသည် အစိုးရပြန်လည်ဖွဲ့စည်းမည့် စာရင်းကို အပြီးသတ် ရေးဆွဲခဲ့ပြီးနောက် ထိုစာရင်းကို သက်ဆင်၏ အတည်ပြုချက် တောင်းခံရန်အတွက် နေ့လည်စာ အတူစားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည့် အစိုးရအဖွဲ့အတွင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုလ်နန် သီရိကော (Cholnan Srikaew) ၊ ကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန် (Sutin Klungsang) နှင့် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ချိုင်ယာ ပရွမ်မာ (Chaiya Promma) တို့အပါအဝင် ရာထူးနေရာအချို့ အပြောင်းအလဲ လုပ်ဖွယ်ရှိသည်ဟု ထင်ကြေးပေး မှုများ ထွက်ပေါ်နေသည်။

Source: Thai PBS World