CNI Article
၂၀၂၄ ခုနှစ်၊ ဧပြီ ၅

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည် ဝန်ကြီးချုပ်အဖြစ် စတင်ရုံးထိုင်ခဲ့သည့် အချိန်မှစပြီး ၈ လပင် မပြည့်သေးသည့်အချိန်တွင် “လူမှန်၊ နေရာမှန် ခန့်ထားခြင်း” ဆိုသည့် စကားနှင့်အတူ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ထိုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွင် လူသိများသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ရာထူးမှ ဖယ်ရှားခံရခြင်းက လေ့လာစောင့်ကြည့်သူများကို အံ့အားသင့်စေခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နျူကရာ ကလည်း အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွင် ဒုဝန်ကြီးချုပ် နေရာမှ ဖယ်ရှားခံရမှုနှင့် ပတ်သက်ပြီး စိတ်ပျက်ကြောင်း ပြောကြားခဲ့သည်။

ပန်ပရီကို ဒုဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခြင်းသည် ရာထူးနေရာ ခွဲတမ်းချသည့် အဝေမတည့်သည့် ပြဿနာတစ်ခု မဟုတ်ဘဲ လူထု၏ ထောက်ခံမှုကို အသည်းအသန် လိုအပ်နေသော ဆရီသာ၏ အစိုးရအဖွဲ့အတွက် မကောင်း သည့် အတိတ်နိမိတ်တစ်ခု ဖြစ်ခဲ့သည်။

ပန်ပရီသည် ဒုဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားခံရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်။

မစ္စတာ ပန်ပရီသည် အစိုးရအဖွဲ့အား ဝေဖန်သည့် ဝေဖန်ရေးသမားများကပင် ချီးကျူးခံခဲ့ရသည့် အနည်းငယ်သော ထိုင်းဝန်ကြီးများထဲတွင် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာကို တွေ့ရစဉ်

ထို့ကြောင့် အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းသည် လူမှန် နေရာမှန် ထားရှိရန်ဆိုသည့် ဝန်ကြီးချုပ် ဆရီသာ၏ အကြောင်းပြချက်ကို ကျွမ်းကျင်သူများက လက်ခံယုံကြည်ကြခြင်းမရှိပေ။

အချို့ကလည်း အာဏာရ ဖြူးထိုင်းပါတီ၏ ခေါင်းဆောင်ပိုင်းအကြား စည်းလုံးညီညွတ်မှု ပြိုကွဲနေသည်ဟု ယူဆခဲ့ကြသည်။

ပန်ပရီ၏ နိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) နှင့် နီးစပ်သည့် သံတမန်ဟောင်းဖြစ်သူ မာရစ် ဆန်ဂီယာစွန်ဆာ (Maris Sangiampongsa) နှင့် အစားထိုး ခန့်အပ်ခဲ့သည်။

ထို့ပြင် သက်ဆင်၏ ရှေ့နေတစ်ဦးလည်းဖြစ်၊ ဆရီသာ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည့် ပီချစ် ချူအန်ဘန် (Pichit Chuenban) သည် ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

မစ္စတာပီချစ်သည် အငြင်းပွားစရာကောင်းသည့် ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ 

၂၀၀၈ ခုနှစ်က သူသည် အခြားလုပ်ဖော်ကိုင်ဘက် ၂ ဦးနှင့်အတူ တရားရုံးချုပ်တွင် ငွေသား ဘတ် ၂ သန်း ထည့်ထားသည့် မုန့်ပုံးတစ်ပုံး ပြုတ်ကျခဲ့သဖြင့် ထိုလုပ်ရပ်သည် လာဘ်ထိုးသည့် ကြိုးပမ်းမှုအဖြစ် ရှုမြင်ခံခဲ့ရကာ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ခြောက်လ  ချမှတ်ခံခဲ့ရသူဖြစ်သည်။ 

သံတမန်ဟောင်းဖြစ်သူ မာရစ် ဆန်ဂီယာစွန်ဆာကို တွေ့ရစဉ်

ထို့ပြင် ပီချစ်သည် သက်ဆင်နှင့် သက်ဆင်၏ ဇနီးသည် ခွန်ယင်  ပေါ့ဂျာမန် နာ ပွမ်ဘီရာ (Khunying Potjaman na Pombejra) တို့၏ အငြင်းပွားဖွယ် မြေဝယ်ယူမှုတွင် ရှေ့နေလိုက်ပေးခဲ့သူဖြစ်သည်။

ထိုအမှုကြောင့် သက်ဆင်သည် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ပီချစ်သည်လည်း ရှေ့နေလိုင်စင်ကို ဆုံးရှုံးခဲ့ရသည်။ 

ထို့နောက် ပီချစ်သည် ရှေ့နေလိုင်စင်ကို ပြန်လည်လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

ထိုဖြစ်စဉ်များကြောင့် ပီချစ်ကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်မှုအပေါ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ အကြား ဒေါသထွက်ခဲ့ကြသည်။

ထို့ပြင် တက်ကြွလှုပ်ရှားသူများ ကွန်ရက်သည် ပီချစ်အား ဝန်ကြီးအဖြစ် ရာထူးခန့်အပ်မှုကို တရားဝင်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်သို့ အသနားခံစာ တင်သွင်းခဲ့ကြသည်။

ဝန်ကြီးတစ်ဦးဖြစ်ရန် အကျင့်စာရိတ္တများကို လွှမ်းခြုံဖော်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိုဒ်ခွဲ ၁၆၀ အရ ပီချစ်သည် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီကြောင်း တက်ကြွလှုပ်ရှားသူများက ယူဆခဲ့ကြသည်။

သက်ဆင်နဲ့ ပီချစ် ချူအန်ဘန်ကို တွေ့ရစဉ်

တစ်ချိန်တည်းမှာပင် တက်ကြွလှုပ်ရှားသူများသည် ဝန်ကြီးချုပ် ဆရီသာအား အရည်အချင်း ပြည့်မီသည့် ဝန်ကြီးများ ရွေးချယ်ခန့်အပ်ရန် ပျက်ကွက်မှုအတွက် စုံစမ်းစစ်ဆေးပေးရန် အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ထံ အသနားခံစာတင်သွင်းရန် ပြင်ဆင်နေကြသည်။

မစ္စတာ ဆရီသာသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လက ပထမအကြိမ် အစိုးရအဖွဲ့ကို ဖွဲ့စည်းချိန်က ပီချစ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ် ပါဝင်လာလိမ့်မည်ဟု အများစုက ယူဆခဲ့ကြသည်။

သို့သော် ထိုအချိန်က ပြည်သူလူထု၏ စိတ်ပျက်မှုများကို စိုးရိမ်ရသည့်အတွက် ပီချစ်ကို ဦးစားပေးခန့်အပ်မည့် ဝန်ကြီးစာရင်းမှ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ပီချစ်အား အစိုးရအဖွဲ့အတွင်း ထည့်သွင်းမှုကို တက်ကြွလှုပ်ရှားသူများက ကန့်ကွက် ကြောင်း အသနားခံစာများ တင်သွင်းနေချိန်တွင် ဝန်ကြီးချုပ် ဆရီသာ အနေဖြင့် ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်