CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈

အမေရိကန် ဘီလီယံနာ သူဋ္ဌေးကြီး ဂျော့ဂျ်ဆိုးရော့စ်က အက်ဒါနီ အုပ်စု(Adani Group) ၏ ဆုံးရှုံးမှုများသည် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အာဏာရယူမှုအပေါ် ဆုံးရှုံးမှု ဖြစ်စေလိမ့်မည်ဟု ဆိုးရော့စ်မှ ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာမှာ BJP ပါတီက ပြန်လည် တုန့်ပြန် အပြစ်တင် ဝေဖန်ခဲ့သည်။

အမေရိကန် ဘီလီယံနာ သူဋ္ဌေးကြီး ဂျော့ဂျ်ဆိုးရော့စ်သည် ကြိုတင်ခန့်မှန်း ပြောဆိုခြင်းဖြင့် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို လျော့ပါးအောင် လုပ်ဆောင်နေကြောင်း မိုဒီ၏ BJP ပါတီက ပြန်လည်တုန့်ပြန်ခဲ့သည်။

ကြာသပတေးနေ့ မြူးနစ်လုံခြုံရေး ညီလာခံ၌ စကားပြောရာတွင် အသက် ၉၂ နှစ်အရွယ် ဆိုးရော့စ်က မိုဒီနှင့် စီးပွားရေး လုပ်ငန်းရှင် အက်ဒါနီတို့သည် ရင်းနှီးသော မဟာမိတ်များ ဖြစ်ကြောင်း၊ ၎င်းတို့၏ ကံကြမ္မာသည် ဆက်နွယ်နေကြောင်း၊ အက်ဒါနီ၏ စီပွားရေးလုပ်ငန်း အရှုံးပြမှုများသည် အိန္ဒိယဖက်ဒရယ်အစိုးရအပေါ် မိုဒီ၏ ထိန်းချုပ်မှုများ သိသိသာသာ လျော့ကျစေကာ အိန္ဒိယတွင် များစွာလိုအပ်နေသော ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို လမ်းပွင့်စေကြောင်း ပြောကြားခဲ့သည်ဟု Financial Times သတင်းတွင် ဖော်ပြသည်။

ဂျော့ဆိုးရော့စ်၊ ဂူတမ် အက်ဒါနီနဲ့ မိုဒီကိုတွေ့ရစဉ်

ဇန်နဝါရီ ၂၄ ရက်မှ စတင်ကာ အက်ဒါနီအုပ်စုသည် ဈေးကွက်အတွင်း ဒေါ်လာ ၁၂ ဘီလီယံ အရှုံးပေါ်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လေ့လာရေးအဖွဲ့ Hindenburg Research က ဖော်ပြသည်။

အက်ဒါနီ၏ အခွန်ရှောင်မှု၊ စတော့ အခြေအနေနှင့် အကြွေးပမာဏတို့ကြောင့် ထိုသို့ ဖြစ်ရသည်ဟုလည်း ဖော်ပြသည်။

မိုဒီနှင့် အက်ဒါနီအုပ်စုကို တည်ထောင်သူ ဂူတမ် အက်ဒါနီ (Gautam Adani) တို့သည် လွန်ခဲ့သော နှစ်နှစ်နီးပါးက ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မိုဒီ တာဝန်ယူခဲ့စဉ် ကတည်းက ကာလရှည် ဆက်ဆံရေးကို ပိုင်ဆိုင်ထား သည်ဟု ဝန်ကြီးချုပ်၏ အတိုက်အခံများက ပြောသည်။

အစိုးရသည် ထိုအုပ်စုကို စီးပွားရေး လုပ်ငန်းများတွင် မျက်နှာသာ ပေးမှုများ ရှိနေသည်ဟု အတိုက်အခံများက စွပ်စွဲသော်လည်း အစိုးရဘက်မှ ငြင်းဆိုထားသည်။

အမျိုးသမီးနှင့် ကလေး သူငယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး  ဆမ်ရီတီ အီရာနီကိုတွေ့ရစဉ်

ဂျော့ဆိုးရော့စ် (George Soros) ဟုခေါ်သော အမျိုးသားတစ်ဦး ဦးဆောင်သည့် နိုင်ငံခြားမှ အင်အားစု တစ်ခုသည် အိန္ဒိယ၏ ဒီမိုကရေစီဖွဲ့စည်းပုံကို ထိခိုက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်သည် ၎င်းတို့၏ ပစ်မှတ် ဖြစ်သည်ဟု ကြေညာခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသားများအတွက် မဟုတ်ဘဲ ၎င်း၏အကျိုးစီးပွားကို အကာအကွယ် ပေးမည့် စနစ်တစ်ခုကို အိန္ဒိယတွင် တည်ထောင်မည်ဟုလည်း ၎င်းက ပြောခဲ့ကြောင်း အမျိုးသမီးနှင့် ကလေး သူငယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဆမ်ရီတီ အီရာနီ (Smriti Irani) က BJP ပါတီရုံးတွင် သတင်း ထောက်များကို ပြောခဲ့သည်။

ထိုပြောစကားသည် အိန္ဒိယနိုင်ငံ၏ ပုံရိပ်တင် မဟုတ်ဘဲ အစိုးရ အပြောင်းအလဲ လုပ်မည်ဟု ဆိုလိုခြင်း ဖြစ် ကြောင်း၊ အိန္ဒိယသည် စိန်ခေါ်လာသည့် နိုင်ငံခြား အင်အားစုတိုင်းကို နှိမ်နင်းခဲ့ကြောင်း၊ နောင်တွင်လည်း ထိုသို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူမက ဆက်လက် ပြောကြားခဲ့သည်။

မိုဒီသည် Hindenburg Research ၏ ကြေညာချက်ကြောင့် ကသောင်းကနင်း ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အက်ဒါနီ၏ အမည်ကို ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိသော်လည်း လွှတ်တော်အတွင်း အတိုက်အခံများ၏ အော်ဟစ်လှောင် ပြောင်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အိန္ဒိယပြည်သူများသည် ၎င်း၏အင်အားဖြစ်ကာ ယင်းကို မည်သည့် အလိမ် အညာနှင့်မှ ဖျက်ဆီး၍ ရမည်မဟုတ်ဟု ပြောခဲ့သည်။

Source: aljazeera