CNI International News

နယူးဒေလီ၊ အောက်တိုဘာ ၁၈

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် နိုင်ငံ၏ ပင်လယ်ရေကြောင်း ကဏ္ဍအတွက် နှစ်ရှည် အစီအစဉ် တစ်ခု၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ရူပီး ၂၃၀ ဘီလျံ (ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ)ချီ တန်ဖိုးရှိသည့် ပင်လယ်ရေ ကြောင်း စီမံကိန်းများအတွက် အုတ်မြစ်ချ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့သည်ဟု အာတီ သတင်းဌာနမှ ဖော်ပြခဲ့သည်။

Covid-19 ကပ်ရောဂါနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုဆိုင်ရာ မူဝါဒများကြောင့် ထောက်ပံ့ရေး ကွင်းဆက်များ ထိခိုက်ခဲ့ပြီးနောက် အိန္ဒိယသည် ယုံကြည်အားထားရပြီး ရေရှည်တည်တံ့သည့်် ထောက်ပံ့ရေး ကွင်းဆက်တစ်ခုကို ထူထောင်ရန် ရည်ရွယ်လျက်ရှိသည်။

မွမ်ဘိုင်း (Mumbai) မြို့တွင် သုံးရက်ကြာပြုလုပ်သည့် Maritime India Summit 2023 ညီလာခံဖွင့်ပွဲ၌ မိုဒီက ရင်းနှီးမြှုပ်နှံသူများကို အိန္ဒိယသို့ လာရောက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

 Maritime India Summit 2023 ညီလာခံ ကျင်းပနေစဉ်

"ကမ္ဘာ့အခင်းအကျင်းသစ်ဟာ ပေါ်ထွက်လာပြီဖြစ်ပြီး ကမ္ဘာတစ်ခုလုံးဟာလည်း ရည်မှန်းချက် အသစ်တွေနဲ့အတူ အိန္ဒိယနဲ့ လက်တွဲလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့အင်အားအကြီးဆုံး ထိပ်သီးစီးပွားရေးနိုင်ငံ သုံးနိုင်ငံထဲမှာ ပါဝင်ဖို့ နီးစပ်လာပါပြီ"ဟု မိုဒီက ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယ၏ ပင်လယ်ရေကြောင်းဆိုင်ရာ စွမ်းဆောင်ရည်များသည်  ယခင်ကတည်းက ကမ္ဘာအတွက် အထောက်အကူ ဖြစ်စေခဲ့ပြီး အိန္ဒိယအစိုးရသည် ပင်လယ်ရေကြောင်းကဏ္ဍကို ပိုမိုခိုင်မာစေရန် ကိုးနှစ်ကျော်ကြာ အားထုတ်ကြိုးပမ်းခဲ့သည်ဟုလည်း မိုဒီက ပြောသည်။

ထိုအားထုတ် ကြိုးပမ်းမှုများအနက် အကြီးစားသင်္ဘောများ ပိုမိုဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းအကြီးစားများ တည်ဆောက်မှုကို နှစ်ဆမြှင့်တင်ရန်၊ ဆိပ်ကမ်းနှင့် ဆက်သွယ်ထားသည့် ကားလမ်းကြောင်းများကို ပိုမို ဖောက်လုပ်ရန်နှင့် ကမ်းရိုးတန်းရှိ အခြေခံ အဆောက်အအုံများကို ပိုမိုတိုးချဲ့ရန် အစီအစဉ်များ ပါဝင်သည်ဟု အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။

 မိုဒီကို တွေ့ရစဉ်

ထို့ပြင် ယခုနှစ် စက်တင်ဘာလက နယူးဒေလီမြို့တော်တွင် ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20) ခေါင်းဆောင်များ အစည်းအဝေး၌ အိန္ဒိယက အဆိုပြုခဲ့သော အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြန့် (India-Middle East-Europe Economic Corridor- IMEC) အစီအစဉ်၏ သဘောထားကိုလည်း မိုဒီက အလေး ထား ပြောခဲ့သည်။

မိုဒီသည် အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်(Gujarat) ပြည်နယ်ရှိ ဒင်းဒါယဲလ် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (Deendayal Port Authority) ၏ Tuna Tekra ရေနက်ဆိပ်ကမ်းတွင် ပြုလုပ်သည့် အုတ်မြစ်ချ အခမ်းအနားကို ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ၏ ဒေါ်လာဘီလျံချီ တန်ကြေးရှိသည့်် ပင်လယ်ရေကြောင်းဆိုင်ရာ စီမံကိန်းများအနက် ဂူဂျာရတ်ပြည်နယ် တွင် ရူပီး ၄၅ ဘီလျံ (ဒေါ်လာ သန်း ၅၄၀) တန်ကြေးရှိသော ဆိပ်ကမ်းတစ်ခုကို တည်ဆောက်မည် ဖြစ်သည်။

Source: အာတီ