CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ 

နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန် ပြောကြားခဲ့သည်။

နိုင်ငံတော်၏ ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေး မကောင်းသည့်အတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယာယီသမ္မတ တာဝန်ဝတ္တရားများ ကျင့်သုံးနိုင်ရန် ဇူလိုင် ၁၈ ရက်နေ့က တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နစကဥက္ကဋ္ဌအဖြစ်ပဲ ဆောင်ရွက်မှာလားဆိုသည့် မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အဖြစ်ပဲ ဆောင်ရွက်မှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပြောရရင် မနေ့က ကျနော်တို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာလည်းပါပြီးဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များ အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံ တာဝန်ထမ်းဆောင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကိုကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

 ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို နစကနှင့် အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာဖြစ်သည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နစကဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပြင် ယာယီသမ္မတ တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ထို့ကြောင့် နစက အနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အတိုင်း မပြောင်းမ လဲ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း၊ အထူးအလေးထား ပြောကြားလိုသည်မှာ နစက၏ အန္တိမရည်မှန်း ချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မလွဲမသွေ 
ကျင်းပသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၃ ရက်နေ့မှာ ပြောကြားခဲ့သည်။

နစကသည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေပြီး အရပ်သား ပြည်သူလူထုများမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသလို တရားဥပဒေ စိုးမိုးမှုများလည်း ကျဆင်းလျက်ရှိနေသည်။