CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

ပြည်တွင်း ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိဖို့ တိုက်ရင်းဆွေးနွေးဆိုသည့် နည်းလမ်းကို အသုံးပြုရန် လိုအပ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင် တိုက်ခိုက်၍လည်း အဖြေမရရှိနိုင်ကြောင်း၊ တစ်ခုချင်းမဟုတ်ဘဲ နှစ်ခုစလုံးကို ပူးတွဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

စဝ်ခွန်းဆိုင်က“တိုက်ရင် ဖြေရှင်းနိုင်မလား၊ ဆွေးနွေးရင် ဖြေရှင်းနိုင်မလား၊ နှစ်ခုစလုံးက တစ်ခုချင်း လုပ်သွား မယ်ဆိုရင် မဖြေရှင်းနိုင်ဘူး။ ဒါပေမဲ့ ပူးတွဲပြီးမှ လုပ်သွားလို့ရှိရင် ဖြေရှင်းနိုင်ဖို့ လမ်းပေါ်လာမယ်၊ ကျနော်တို့ ပညာရှင်၊ စစ်ပညာရှင် ဆွန်ဇူးက ပြောခဲ့တယ်။ အောင်ပွဲရယူဖို့က တိုက်ရိုက်နည်းရှိတယ်၊ နောက်ပြီးတော့မှ သွယ်ဝိုက် နည်းရှိတယ်။ ဒီတိုက်ရိုက်နည်းနဲ့ သွယ်ဝိုက်နည်းကို ပူးတွဲပြီးတော့မှ အသုံးချဖို့လိုတယ်၊ တစ်ခုချင်း မဟုတ်ဘူး။ နှစ်ခုစလုံးကို ပူးတွဲပြီးတော့ သုံးနိုင်မယ်ဆိုရင် အောင်ပွဲကို ရယူနိုင်တယ်လို့ ပြောထားပါတယ်။ ဒီတော့ ကျနော်တို့လည်း အဲဒီနည်းနဲ့ပဲ လုပ်သွားဖို့ လိုတယ်လို့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ကိုတွေ့ရစဉ်

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးနှင့်အတူ ဗမာမဟုတ်သော တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင် ပြ ဋ္ဌာန်းပိုင်ခွင့်များ ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့ကြပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ စတင်ဖြစ်ပွားလာခဲ့သည်။

ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့သော်လည်း ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ ငြိမ်းချမ်းရေးရရှိ ရန် ကြိုးပမ်းနေဆဲ ကာလတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး သဘောထားကွဲလွဲမှုကြောင့် နိုင်ငံအနှံ့အပြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ယခင်ကတည်းက တိုင်းရင်းသားအရေးကို အလေးထား မဖြေရှင်းနိုင်ခဲ့၍ ယခုအခြေအနေထိ ရောက်ရှိခဲ့ကြောင်း၊ လက်နက်ကိုင်ယဉ်ကျေးမှု ထွန်းကားသွားသည့်အတွက် ပဋိပက္ခမှာ ရေရှည်ဖြစ်သွားနိုင်ကြောင်း ရခိုင်အမျိုးသား ပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီတွင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကရင်နီ KNDF ရဲဘော်များကို တွေ့ရစဉ်

၎င်းက “အစကတည်းက တိုင်းရင်းသားအရေးကို အလေးအနက်ထားပြီးတော့ စေတနာထားပြီး‌တော့ ဖြေရှင်း ဆောင်ရွက်ခဲ့ရင် ဒီအခြေအနေကို ရောက်မှာ မဟုတ်ဘူး၊ အခုက အရမ်းကို ခက်ခဲကျယ်ပြန့်သွားပြီ။ အဖြေတောင် မှ ကျနော်တို့ စဉ်းစားလို့မရတဲ့ အခြေအနေ ဖြစ်သွားတယ်။ အားလုံးက နိုင်ငံရေးဘောင်ကျဉ်းပြီးတော့မှ လက်နက်ကိုင်ယဉ်ကျေးမှုက ထွန်းကားသွားတဲ့အခါ ဒီပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကျနော် တို့လည်း ဥာဏ်မမှီတော့ဘူး။ ဘယ်လိုဖြေရှင်း ဆောင်ရွက်ရမလဲ ဆိုတာကတော့ ကျနော်တို့ကတော့ ရေရှည် အချိန်ယူပြီးတော့ အချိန်ကြာလိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီ အချို့၊ တိုင်းရင်းသား အင်အားစုများ၊ အာဆီယံ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့က ကြိုးပမ်းလျက်ရှိ နေသည်။

သို့သော်လည်း လက်ရှိ လက်နက်ကိုင် တိုက်ပွဲများအတွင်း ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းများမှာ တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးထက် တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်လုပ်ဆောင်နေကြ ကြောင်း သိရသည်။