CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေးအတွက် ရေတိုမဆောင်ရွက်စေလိုကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခမှာ ရေတိုဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့အထိ ပြေလည်နိုင်ခြင်း မရှိသေးကြောင်း၊ မိမိအနေဖြင့် ပဋိပက္ခဖြေရှင်းရေးအတွက် စာတမ်းတစ်စောင်ရေးသား ပေးပို့ခဲ့ကြောင်း ၎င်းက ပြောသည်။ 

စိုင်းဋ္ဌေးအောင်က “လက်နက်ကိုင်ပဋိပက္ခကို ရေတိုဖြေရှင်းခဲ့လို့ အခုလို ပြဿနာကြီးတယ်ဆိုတဲ့ အကြောင်းကို ကျနော် မီးမောင်း ထိုးပြခဲ့တာပါ၊ ကျနော်တို့ လက်နက်ကိုင်ပဋိပက္ခ ပိုကြီးလာတဲ့ကိစ္စက ၁၉၈၉ ခုနှစ်မှာ နဝတ လက်ထက် အဲဒီတုန်းက ဗိုလ်ခင်ညွန့်က ငြိမ်းချမ်းရေးတွေ လုပ်တယ်၊ ငြိမ်းချမ်းရေး လုပ်တဲ့အခါကြတော့ EAO အဖွဲ့တွေကို သူဘာပြောလဲဆိုတော့ နိုင်ငံရေးကိစ္စကို နောက်တက်လာမယ့် အစိုးရနဲ့မှ ဆွေးနွေး၊ ယနေ့အချိန်မှာ ငြိမ်းချမ်းရေးယူ၊ စီးပွားရေးလုပ်ဆိုတဲ့ အခါကြတော့ လက်နက်ကိုင်အဖွဲ့အစည်းကို သူက ဖွင့်ပေးလိုက်တယ်၊ ဖွင့် ပေးလိုက်တဲ့အခါမှာ လက်နက်ကိုင်အဖွဲ့စည်းတွေက မြေပေါ်၊ မြေအောင် သယံဇာတတွေ အလွတ် ထုတ်ယူသုံးစွဲ ပိုင်ခွင့် ရသွားကြတယ်၊ ထုတ်ယူပိုင်ခွင့် ဘယ်သူမှ အရေးယူလို့ မရဘူး။ အရေးယူတဲ့ ဝန်ထမ်းတွေရှိရင်လည်း သူတို့ တရားဥပဒေမဲ့ ပစ်သတ်ခဲ့တာတွေလည်း ရှိတယ်၊ အဲဒါတွေလည်း ကျနော်တို့ ဒီမှာ မန္တလေးတို့ ၊ ရန်ကုန်တို့ မြို့ကြီးတို့၊ မြစ်ကြီးနား မြို့ကြီးတို့မှာ တွေ့ရှိရတာပေါ့နော်၊ အဲဒါကြောင့် သူတို့ကို ဘယ်သူမှ မထိရဲ၊ မတို့ရဲဘူးပေါ့၊ ဌာနဆိုင်ရာတွေ ကြိုက်သလို လုပ်လိုက်တဲ့အခါကြတော့ စီးပွားတော့ မဖြစ်ဘဲ မရှိဘူး။ သေနတ်ကိုင်ပြီး စီးပွားလုပ် တော့ စီးပွားအရမ်း ဖြစ်သွားကြတယ်၊ စီးပွားဖြစ်တဲ့အခါကြတော့ လက်နက်တွေဝယ်တယ်၊ တချို့အဖွဲ့အစည်းတွေ ဆို လက်နက်စက်ရုံ ထောင်တဲ့အထိကို ဖြစ်လာပါတယ်၊ အဲဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်၊ ယနေ့ ဖြစ် နေတဲ့ လက်နက်ကိုင်ပြဿနာ အဲဒီက စခဲ့တာလို့ ကျနော်အနေနဲ့ မြင်လို့ စာတမ်းလေးရေးခဲ့တာပါ” ဟု ပြော သည်။

ဦးခင်ညွန့်နဲ့ ပေါက်ယူချန်းကိုတွေ့ရစဉ်

လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပါတီများ အားကောင်းရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ အားကောင်းစေရန် အာဏာပိုင် အဖွဲ့အစည်းများက အားပေးရန် လိုအပ်ကြောင်း ၎င်းက ပြော သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေး အပြောင်းအလဲများကြောင့် လက်နက်ကိုင် ပဋိပက္ခများ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိ နိုင်ငံရေး ပြဿနာကို လက်နက်ဖြင့်ဖြေရှင်း ၍မရကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် အများသဘောဆန္ဒအရ ညှိနှိုင်းသင့် ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြော သည်။

 NUG ရဲ့ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF ကို တွေ့ရစဉ်

၎င်းက “လက်နက်ကိုင်ပဋိပက္ခက လက်နက်နဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းလို့ မရဘူးဗျ၊ ငြိမ်းချမ်းရေး စားပွဲဝိုင်း မှာ လာပြီးတော့ ပြောဆိုမှ ဖြစ်နိုင်မယ်ဗျ၊ ကျနော်တို့ နိုင်ငံက လက်နက်ကိုင်ပဋိပက္ခက နှစ်ပေါင်း ၇၅ နှစ်လောက် ရှိပြီလေ၊ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတာပဲ၊ ခုထက်ထိ မငြိမ်းချမ်းသေးဘူးဆိုတော့ ဒါစားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးပြီးတော့ တစ်ဖက်တစ်ဖက်ကလည်း လျှော့သင့်တန်ရင် လျှော့၊ ညှိနှိုင်းသင့်တာ ညှိနှိုင်းအဲဒီလို အများသဘောဆန္ဒနဲ့ လုပ်မှရမယ်” ဟု ပြောသည်။

လက်ရှိ လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်နေသော မြန်မာ့တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှာ တွေ့ဆုံညှိနှိုင်းရေးထက် တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေးကိုသာ ဦးတည်နေကြကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများမှာ ယိုယွင်းကျဆင်းလျှက်ရှိနေပြီး ပြည်သူလူထုများမှာလည်း စီးပွားရေး ကျဆင်းမှုနှင့် အတူ စားဝတ်နေရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။