CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၂

မြန်မာ့နိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင် မည်သို့လုပ်ဆောင်သင့်သလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးမှုများ ရှိနေသည်။ 

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အကျပ်အတည်းများကြောင့်  လက်နက်ကိုင်ပဋိပက္ခသည် ပိုမိုကျယ်ပြန့်လာပြီး နိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ သည်။

ဗမာပြည်နယ် အပါအဝင် လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ဖြင့် သွားရမှာဖြစ်ကြောင်း၊ တိုင်းရင်းသား အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရှိပါက လက်ရှိပဋိပက္ခများ ချုပ်ငြိမ်းသွားမည်ဟု ယူဆကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် BPLA ရဲဘော်တွေကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့က နဂိုကတည်းကလည်း ဒီပါတီထောင်ကတည်းကလည်း ပြောခဲ့တယ်၊ ကျနော်တို့ ပြည်ထောင်စုကိုက‌တော့ ဖက်ဒရယ်စနစ်နဲ့ သွားရမယ်၊ အဲဒီမှာကလည်း ကျနော်တို့က လူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေပေါ့ဗျာ၊ ဟိုတုန်းကတော့ ၈ ပြည်နယ်၊ အခုကတော့ ၈ အပေါင်းပြည်နယ်ပေါ့၊ တနည်းအားဖြင့် ဗမာလည်း ဖက်ဒရယ်ယူနစ်တစ်ခုယူ တစ်ယူနစ်ယူပေါ့၊ သူလည်း လူမျိုးတစ်မျိုး ဖြစ်တဲ့အတွက် တိုင်းရင်းသား တွေရဲ့ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိလာမယ်ဆိုရင် အခုလိုပဲ ဗဟိုက အရာရာကို ကြီးကြပ်ထားတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးလည်း သူတို့၊ ကာကွယ်ရေးလည်း သူတို့၊ အစစအရာရာကို အဲဒီလိုမျိုး လုပ်ထားတဲ့ဟာ မဟုတ်ဘဲနဲ့ သူတို့ဟာသူတို့ ဗဟိုက ဗဟိုအဆင့်မှာပဲနေ၊ အရာရာကို ဝင်မစွက်ဖက်တဲ့ အနေအထားမျိုးပေါ့၊ တိုင်းရင်းသားတွေ ကိုယ်၌ကိုယ်က သူ့လူမျိုး၊ သူ့ဒေသမှာ လုပ်ပိုင်ခွင့် အပြည့်အဝရှိတယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရင် ဒီကိစ္စဟာ ငြိမ်းအေးသွားလိမ့်မယ်လို့ ထင်တယ်၊ ဒါပေမဲ့ အဲဒီဟာကို အကောင်အထည်ဖော်ဖို့တော့ အချိန်ကာလတစ်ခုတော့ ပေးရပါလိမ့်မယ်” ဟု ပြောသည်။

လက်ရှိတွင် နစကနှင့် NUG တို့က အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု အသီးသီး ပြောဆိုလျက်ရှိနေသည်။ သို့သော်လည်း မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုမျိုးကို တည်ဆောက်မည်ကို တော့ အတိအကျ ပြောဆိုခြင်းမျိုး မရှိသေးပေ။

စစ်အာဏာရှင်စနစ် ရှိနေသေးသမျှ တိုက်ပွဲများ ဆက်ရှိနေမှာဖြစ်ကြောင်း၊ ထို့အတူ လူမျိုးကြီးဝါဒမျိုး ရှိနေသရွေ့ အပြန်အလှန် တွန်းလှန်မှုတွေ ရှိနေမှာဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီအာဏာရှင်စနစ် ရှိနေသေးသရွေ့ ကျမတို့ မြန်မာနိုင်ငံက ထပ်ပြီးတော့မှ တိုက်ပွဲ ဆက်ဝင်နေရဦးမှာပေါ့ နော်၊ လူဘယ်လောက်ပဲ ပြောင်းပြောင်း မူမပြောင်းဘူး ဒီစနစ်က မပြောင်းလဲနေသေးသရွေ့ကတော့ ဒီလိုမျိုး ဆက်ဖြစ်နေဦးမှာ အဲဒါကြောင့်မို့လို့ ကျမတို့က တိုက်ခိုက်တဲ့နေရာမှာ အဓိက မူတွေကို ဖျက်ဆီးနိုင်ဖို့အတွက် ကျမတို့ ကျင့်သုံးနေတဲ့ အာဏာရှင်စနစ်ကို ကျမတို့က တွန်းလှန်နိုင်ဖို့အတွက် ဒီဟာတွေကို ဖျက်သိမ်းနိုင်မှသာ ကျမတို့နိုင်ငံက ကျမတို့ လိုလားတဲ့ တည်ငြိမ်အေးချမ်းမှုတွေ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်အထိ သွားနိုင်မှာပေါ့နော်၊ တစ်ဖက်ကလည်း ကျမတို့ဆီမှာက တောက်လျှောက်ကျင့်သုံးလာနေတဲ့ လူမျိုးကြီးဝါဒ ပုံစံမျိုးတွေ မမျှတမှုတွေ စသဖြင့် အဲဒီလိုမျိုး ရှိနေသေးသရွေ့ကတော့ အပြန်အလှန် တွန်းလှန်မှုတွေ တိုက်ခိုက်မှုတွေ ဆက်ရှိနေမှာပေါ့ နော်” ဟု ပြောသည်။

 နိုင်ငံရေးပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်

တစ်ဖက်နှင့်တစ်ဖက် သွေးစွန်းမည့် လက်နက်ကိုင် တိုက်ပွဲများထက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး ခိုင်မာ သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာလျှင် လက်ရှိပဋိပက္ခများကို ချုပ်ငြိမ်းနိုင်မှာဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီ (ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်ကတော့ ကိုယ်ယုံကြည်ချက်အတိုင်း နိုင်ငံရေးအရပဲ ကျနော့်ဘဝမှာ ကျနော် ဆောင်ရွက်လာ တယ်၊ ကျနော် နိုင်ငံရေးလမ်းစဉ်ကိုပဲ ကျနော်ယုံကြည်တယ်၊ ကျနော်တို့ကတော့ တစ်ဖက်နဲ့တစ်ဖက် သွေးစွန်း မယ့် လက်နက်ကိုင်တိုက်ပွဲတွေကို ကျနော်တို့က‌တော့ ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖြေရှင်းစေချင်တယ်၊ ငြိမ်းချမ်းရေး နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီးတော့ စားပွဲခုံပေါ်မှာ ငြိမ်းချမ်းရေးအရ စကားပြောပြီးတော့ ခိုင်မာတည်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမှသာလျှင် ဒီအခက်အခဲတွေရဲ့ ပဋိပက္ခတွေကို ချုပ်ငြိမ်းစေနိုင်မယ်လို့ ကျနော် အလေးအနက် ယုံကြည်ထားပါတယ်ခင်ဗျ” ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရုံမျှ တိုင်းရင်းသားအရေး ပြေလည်မှာ မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား အရေးကို ပြေလည်ရန် လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ထောက်ပြသည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီ အချို့နှင့် အာဆီယံတို့က ကြိုးပမ်းလျက်ရှိနေသည်။ 

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခသည် နှစ်ပေါင်း ၇၀ ကျော်လာပြီးဖြစ်ရာ ဖြေရှင်းနိုင် မည့် နည်းလမ်းရှာမတွေ့သေးပါက ရာစုနှစ် ၁၀ စုကျော်ထိ ဖြစ်ပွားသွားနိုင်ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။