CNI International News

ဒွန်းနက်၊ ဧပြီ ၁၂

ယူကရိန်းစစ်ပွဲတွင် ပေါက်ကွဲမှုများ၊ ကျည်ထိမှန်မှုများကဲ့သို့ ဒဏ်ရာ အပြင်းအထန်ရရှိပြီး ခြေပြတ်၊ လက်ပြတ် ဖြစ်ခဲ့ရသည့် စစ်မှုထမ်းများသည် ဆေးဝါးကုသမှု ခံယူခဲ့ပြီးနောက် စစ်မြေပြင်များသို့ ပြန်လည်သွားရောက်၍ တတ်နိုင်သည့်ဘက်မှ စစ်မှုထမ်းလျက်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

"အိုဒက်ဆာ (Odesa) မြို့မှာရှိတဲ့ စစ်မှုထမ်းသစ် စုဆောင်းရေးရုံးမှာ နည်းပြဆရာအဖြစ် လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာက ကျနော့်ကို ကမ်းလှမ်းခဲ့ပါတယ်" ဟု အသက် ၃၂ နှစ်အရွယ် အမှတ် ၂၈ သီးခြားယန္တရားတပ်ရင်းမှ တပ်မှူးတစ်ဦးဖြစ်သူ အိုဒင်က ပြောကြားခဲ့သည်။ 

သူသည် ပြီးခဲ့သည့်နှစ်က မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသူဖြစ်သည်။

 မာရီယူပိုးလ်မြို့ တိုက်ခိုက်ခံရစဉ်

ယူကရိန်း အမြောက်တပ်သားတစ်ဦးဖြစ်သူ မန်ဂို (Mango) သည်လည်း ပြီးခဲ့သည့် ၂ နှစ်က မာရီယူပိုးလ် (Mariupol) မြို့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည်၏ အပိုင်းအစများ ထိမှန်မှုကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့ရ သည်။ 

သူသည်လည်း အဇော့ဗ် တပ်မဟာ (Azov Brigade) တွင် သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့၏ အကြီးအကဲအဖြစ် တာဝန် ပြန်လည်ခန့်အပ်ခြင်း ခံခဲ့ရပြီး ရှေ့တန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ယူကရိန်းစစ်တပ်သည် တပ်သားသစ်များ လျော့ကျမှုကြောင့် တတ်နိုင်သည့်ဘက်မှ နည်းလမ်းမျိုးစုံသုံးပြီး စစ်မှုထမ်းများကို ရှာဖွေလျက်ရှိသည်။ 

နိုင်ငံအရှေ့ပိုင်း အက်ဗ်ဒိဗ်ကာ (Avdiivka) မြို့အနီး စစ်မြေပြင်များတွင် အင်အားကြီးမားသည့် ရုရှားတပ်ဖွဲ့များနှင့် ရင်ဆိုင်ရချိန်တွင် ယူကရိန်းစစ်တပ်၏ အင်အားလျော့နည်းမှုသည် ဖိအားများအောက်သို့ ရောက်ရှိလာခဲ့သည်။

မာရီယူပိုးလ်မြို့ကို ရုရှားတပ်ဖွဲ့များ ထိန်းချုပ်ခဲ့ပြီးနောက် မန်ဂိုသည် ရုရှားတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ သည်။

ခြေပြတ်သွားသော ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်

"ကျနော် အဖမ်းခံရပြီး ပြန်လွတ်လာတော့ စစ်ပွဲမပြီးသေးဘူးဆိုတာ သိခဲ့ပါတယ်" ဟု အိုဒင်နှင့် အခြား ဒုက္ခိတ စစ်သား အများစုကဲ့သို့ပင် လုံခြုံရေး အကြောင်းပြချက်များဖြင့် စစ်မှုထမ်းဆောင်ရန် ပြန်လည်ခေါ်ယူခံခဲ့ရသည့် မန်ဂိုက ပြောကြားခဲ့သည်။

အိုဒင်နှင့် မန်ဂိုတို့သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်၀ါရီ အစောပိုင်းတွင် ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကတည်းက ခြေ/လက်များ ဆုံးရှုံးခဲ့ရသည့် ထောင်နှင့်ချီသော ယူကရိန်းစစ်သားများထဲတွင် ပါဝင်ခဲ့သည်။

ယူကရိန်းအစိုးရသည် စစ်ပွဲအတွင်း ယူကရိန်းစစ်သားများ၏ ထိခိုက်၊ သေဆုံးမှုစာရင်းကို ထုတ်ပြန်ရန် ငြင်းဆိုခဲ့ သော်လည်း ယူကရိန်းစစ်မှုထမ်းများအား ကိုယ်စားပြုသည့် လူ့အခွင့်အရေးအဖွဲ့ Pryncyp ကမူ စစ်ပွဲအတွင်း ခြေပြတ်၊လက်ပြတ် ဖြစ်ခဲ့ရသော ယူကရိန်းစစ်မှုထမ်း အရေအတွက် ၂၀,၀၀၀ မှ ၅၀,၀၀၀ အကြားရှိကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်မြေပြင်များတွင် မိုင်းများပေါများမှု၊ လက်နက်ကြီးကျည်များ ကျရောက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်လည်း တစ်စထက်တစ်စ ပိုမိုမြင့်တက်လာနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ