CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၇

အာဆင်နယ်အသင်းနောက်ခံလူ ဇင်ချန်ကိုက ယူကရိန်းက သူ့ကိုခေါ်ရင် နိုင်ငံကို ကာကွယ်ဖို့အတွက် ပြန်လာပြီး စစ်မှုထမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဇင်ချန်ကိုက “စစ်ပွဲဝင်ဖို့ ယူကရိန်းကသာ ခေါ်မယ်ဆိုရင် အဖြေကရှင်းပါတယ်၊ ကျနော်သွားမှာပါ။ ကျနော်တို့ ကျောင်းအတူတူ တက်ခဲ့ကြပြီး ကစားကွင်း ဒါမှမဟုတ် ဘောလုံးကွင်းတွေမှာ ကစားခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ အခုနိုင်ငံကို ကာကွယ်နေကြပါတယ်။ အရိုးသားဆုံးပြောရရင် ဒါကို လက်ခံဖို့ခက်ခဲပေမယ့် ကျနော်တို့ လက်လျှော့ သွားမှာ မဟုတ်ပါဘူး”လို့ ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၂၇ နှစ်အရွယ်ရှိ ဇင်ချန်ကိုဟာ ၂၀၂၂ ခုနှစ်က ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက် နေရပ်ပြန်သူတွေကို ကူညီဖို့ ပေါင် ၁ သန်း လှူဒါန်းထားတာ ဖြစ်ပါတယ်။ 

ဇင်ချန်ကိုဟာ ၂၀၁၆ ခုနှစ်က မန်စီးတီးအသင်းထံ မပြောင်းရွှေ့ခင် ရုရှားကလပ် Ufa အသင်းမှာ ကစားခဲ့ပြီး ၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းထံ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ 

ဇင်ချန်ကိုက “ကျူးကျော်မှုတွေ စတင်ပြီးကတည်းက ရုရှားအသင်းဖော်ဟောင်းတွေနဲ့ အဆက်အသွယ် အနည်းငယ်ပဲ ရှိပါတော့တယ်။ သူတို့အပြစ် မဟုတ်တဲ့အတွက် ကျနော်သူတို့ကို အပြစ်တင်သွားမှာ မဟုတ်ပါဘူး။ သူတို့ကို ဒါနဲ့ပတ်သက်ပြီး အပြင်ထွက်ကာ ဆန္ဒပြမှုတွေပြုလုပ်ဖို့ ကျနော်မပြောပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ ထောင်ကျနိုင်တာကြောင့်ပါ”လို့ ပြောခဲ့ပါတယ်။

ဇင်ချန်ကို ဦးဆောင်တဲ့ ယူကရိန်းအသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ အိုက်စလန်အသင်းကို အနိုင်ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: ESPN