CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၈

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းဟာ တိုးတက်နေတယ်လို့ လီဗာပူးလ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ခံစားချက်တွေက ရောထွေးနေပါတယ်။ တစ်ဖက်မှာတော့ အနိုင်ရတဲ့ အနေအထားတွေကနေ တစ်ပတ်အတွင်း ရမှတ် ၇ မှတ် လျော့သွားခဲ့လို့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့် မိုက်မဲတဲ့ အမှားအယွင်းတွေ ပြုလုပ်ခဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရမှာပါ။ အခြားတစ်ဖက်မှာတော့ ကျနော်ဟာ အသင်းကို အလွန်ဂုဏ်ယူမိ ပါတယ်။ အသင်းရဲ့တိုးတက်မှုတွေကို မြင်တွေ့ရပြီး ဒီအသင်းရဲ့ အလားအလာအတွက် ဂုဏ်ယူမိပါတယ်”လို့ ပြော ပါတယ်။

ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး လူးဝစ်ဒီယက်ဇ်က ပထမပိုင်းမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ကိုဘီမိုင်နူးတို့က ယူနိုက်တက်အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပေမယ့် ဆာလက်က ပင်နယ်တီကနေ လီဗာပူးလ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့လို့ သရေကျခဲ့ တာပါ။ 

ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ယူနိုက်တက်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိတဲ့အထိ ဆိုးရွားခဲ့သလို လီဗာပူးလ်အသင်းကို တစ်ပွဲလုံး ဂိုးပေါက်ကန်သွင်းမှု ၂၈ ကြိမ်အထိ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲ အပါအဝင် ဘရန်ဖို့ဒ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ပွဲတွေမှာ အနိုင်ရဖို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဖို့နီးကပ်တဲ့ အချိန်မှာ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်တွေကို ထိခိုက်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ပွဲ ကစားအပြီးမှာ အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၁၁ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ယူနိုက်တက်အသင်းနဲ့ သရေကျခဲ့တဲ့အတွက် အဆင့် ၁ နေရာက အာဆင်နယ်အသင်း နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal