CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က လီဗာပူးလ်အသင်းကို အချိန်ပိုမှာ အနိုင်ရပြီး FA ဖလား ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် အသင်းဟာ ဘယ်ပြိုင်ဘက် အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “အသင်းဟာ အံ့သြစရာကောင်းတဲ့ အရာတွေကိုလုပ်နိုင်ဖို့ ယုံကြည်ချက်နဲ့ စွမ်းအင်တွေရှိပါ တယ်။ လီဗာပူးလ်အသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဘယ်ပြိုင်ဘက်ကိုမဆို ကျနော်တို့ အနိုင်ယူနိုင်တယ်လို့ ထင်ပါတယ်။ ပထမ ၃၅ မိနစ်ဟာ ဒီရာသီ ကျနော်တို့ရဲ့ အကောင်းဆုံးမိနစ် ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေဟာ ဒီပွဲကို အနိုင်ရယူနိုင်ဖို့ ခိုင်မာတဲ့ယုံကြည်ချက်ရှိခဲ့ပါတယ်။ ဒါကို ကျနော်တို့လိုချင်ခဲ့ပြီး ရလည်းရယူနိုင်ခဲ့ပါတယ်” လို့  ပြောကြားခဲ့ပါတယ်။

FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ အချိန်ပိုမှာ လီဗာပူးလ်အသင်း ကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ တိုမီနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မက်အယ်လစ္စတာနဲ့ ဆာလက်တို့က လီဗာပူးလ်အသင်းအတွက် ၂ ဂိုးဆက်တိုက်သွင်းပြီး ပထမပိုင်းမှာ လီဗာပူးလ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရနေခဲ့ တာပါ။

ယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ဒုတိယပိုင်းပြီးဆုံးဖို့ မိနစ်အနည်းငယ်အလိုမှာ အန်တိုနီက သွင်းယူခဲ့လို့ ၂ ဂိုးစီသရေနဲ့ အချိန်ပိုဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အချိန်ပိုမှာ အီလီယော့က လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်က ချေပဂိုးသွင်း ပြီး အာမတ်က အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ယူနိုက်တက်အသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာပါ။ 

အာမတ်ဟာ ဂိုးသွင်းအပြီးမှာ အင်္ကျီချွတ် အောင်ပွဲခံခဲ့လို့ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အနိုင်ဂိုးသွင်းယူခဲ့တဲ့ အာမတ်ကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်သူ့အတွက် အလွန်ပျော်ရွှင်ပါတယ်။ သူဟာ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ပေမယ့် သူ့ရဲ့နေရာမှာ ပြိုင်ဆိုင်မှုတွေ အများကြီးရှိနေတာကြောင့် သူနဲ့ထိုက်တန်တဲ့ ပွဲကစားချိန်ကို အမြဲတမ်းမရခဲ့ပါဘူး။ ဒါပေမယ့် သူဘာလုပ်နိုင်လဲဆိုတာကို ကျနော်တို့သိပြီး သူလုပ်နိုင်ခဲ့တဲ့အရာအတွက် အလွန်ပျော်ရွှင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကိုဗင်ထရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN