CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇

ယူနိုက်တက်အသင်းဟာ Adidas နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီမှု အသစ်အရ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်တိုင်း ပေါင် ၁၀ သန်း ဆုံးရှုံးမယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်နိုင်ခဲ့တာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ပေမယ့် အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ 

မန်ချက်စတာကလပ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲပြီးဆုံးဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ အဆင့် ၆ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၈ မှတ် ကွာဟနေတာကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ခက်ခဲနိုင်တာပါ။

ဒါပေမယ့် UEFA ရဲ့ အဆင့် သတ်မှတ်ချက်တွေအပေါ် အခြေခံပြီး လာမယ့်ရာသီမှာ အင်္ဂလန်ကလပ်အသင်း ၅ သင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တာကြောင့် ယူနိုက်တက်အသင်းအတွက် မျှော်လင့်ချက်တွေရှိလာတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မှာ အသက်ဝင်တော့မယ့် ယူနိုက်တက်အသင်းနဲ့ Adidas တို့ ချုပ်ဆိုထားတဲ့ ၁၀ နှစ်စာချုပ်သစ်မှာ ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်တိုင်း ပေါင် ၁၀ သန်း ဆုံးရှုံးရမယ်ဆိုတဲ့ အချက် ပါဝင် နေတာပါ။

 ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ၂ ရာသီဆက်တိုက် ဒါမှမဟုတ် ဒီထက်ပိုပြီးလွဲချော်မယ်ဆိုရင် ပိုပြီးစပွန်ဆာကြေး ဆုံးရှုံးရဖို့ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက် အမျိုးသားနဲ့ အမျိုးသမီး အသင်းတွေဟာ လိဂ်ပြိုင်ပွဲ၊ FA ဖလားပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် Adidas က အပိုဆုကြေးအဖြစ် ပေါင် ၄.၄ သန်းအထိ ပေးသွားမယ်လို့ သိရတာပါ။ 

ယူနိုက်တက် အမျိုးသားအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ တစ်ခုတည်းသော ဆုဖလားအဖြစ် လီဗာပူးလ် အသင်းနဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ယူနိုက်တက် အမျိုးသမီးအသင်းကတော့ လိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး FA ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

Source: Sportsmole