CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ချယ်လ်ဆီးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် League Phase အဖွင့်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် ယူနိုက်တက်အသင်း ဂန္ထဝင် ဒေးဗစ်ဘက်ခမ်း ရဲ့ ချန်ပီယံလိဂ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ 

ဟာရီကိန်းဟာ ဒီပွဲမှာ ၂ ဂိုး သွင်းယူခဲ့တာကြောင့် ကစားသမားဘဝ ချန်ပီယံလိဂ် ပွဲပေါင်း ၅၈ ပွဲ ပါဝင် ကစား အပြီးမှာ ၄၂ ဂိုးသွင်းယူကာ ၁၁ ဂိုး ဖန်တီးနိုင်ခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၅၃ ဂိုးရှိလာခဲ့တာပါ။ 

ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလိပ် ကစားသမားတစ်ဦးအတွက် စံချိန်တင်ဖြစ်ပြီး အရင်က စံချိန်တင်ထားတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ဂိုးပါဝင်ပတ်သက်မှု ၅၂ ဂိုးကို ဟာရီကိန်းက ၁ ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ တာ ဖြစ်ပါတယ်။ 

စပါးအသင်း ကစားသမားဟောင်း ဟာရီကိန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီတဲ့ ကလပ်အသင်း ၂ သင်းအတွက် သွင်းဂိုး၂၀ အထက် သွင်းယူထားတဲ့ ကစားသမား စာရင်းထဲမှာလည်း ပါဝင်နေတာပါ။ 

ဒေးဗစ်ဘက်ခမ်းကို တွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၀၂ ပွဲ ပါဝင်ကစားထားပြီး ၉၅ ဂိုးသွင်းယူထားတဲ့ ဟာရီကိန်းက သူဟာ အမြဲတမ်း လိုလိုကောင်းမွန်တဲ့ ခံစားချက်ကို ရရှိနေတယ်လို့ ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါ တယ်။ 

ဟာရီကိန်းက “ကောင်းမွန်တဲ့ သွင်းဂိုး ၂ ဂိုးဖြစ်ခဲ့ပြီး ကျနော်ဟာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးပုံစံ ဖြစ်နေပါတယ်။ အလွန်ကောင်းမွန်တဲ့အသင်းနဲ့ ကစားရခက်ခဲတဲ့ပွဲမှာ အံ့သြစရာကောင်းတဲ့ ရလဒ်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကထက် ဒီရာသီမှာ သွင်းဂိုးတွေ ပိုပြီးသွင်းယူနိုင်ဖို့ မျှော်လင့်ပါတယ်။ တိုးတက်ဖို့နဲ့ ပိုပြီးကောင်း အောင် လုပ်ဖို့က အမြဲတမ်း ရည်မှန်းချက်တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၆ ပွဲ ကစားထားပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာပါ။

ဒီရာသီမှာ ကစားထားတဲ့ပွဲတိုင်း ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘွန်ဒက်လီဂါ ပွဲစဉ်အဖြစ် ဟော်ဖန်ဟိမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro