CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၆

ဘိုင်ယန်မြူးနစ်အသင်းဟာ လာဇီယိုအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ ပြီးနောက် တိုက်စစ်မှူး ဟာရီကိန်းက ဒီရလဒ်ဟာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ 

ဟာရီကိန်းက “ဒါက ကျနော်တို့အတွက် ပြီးပြည့်စုံခဲ့သလို ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျနော်တို့ တိုးတက်ရမယ်ဆိုတာ သိပေမယ့် ဒီလိုညတွေက ဒီရာသီကို အမှန်တကယ် ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ ကျနော်တို့ ဒီအရှိန်ကို ဆက်ထိန်းထားဖို့လိုပါတယ်။ ဒါက ကျနော်တို့ရဲ့ ရာသီအတွက် အလွန်အရေးကြီးတဲ့ အခိုက်အတန့်ပါ။ ပထမအကျော့အပြီးမှာ လူတိုင်းက ကျနော်တို့ ဘယ်လို တုန့်ပြန်မလဲဆိုတာကို စောင့်နေကြ တာပါ။ ဒါကို လက်ကျန်ရာသီ အတွက်အလှည့် အပြောင်းအနေနဲ့ အသုံးပြုနိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ လာဇီယိုအသင်းကို ၃ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို ဟာရီကိန်းက ၂ ဂိုး၊ မူလာက ၁ ဂိုးသွင်းယူခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမအကျော့က လာဇီယိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယ အကျော့ပွဲမှာ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာရီကိန်းကို တွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်းဟာ လာဇီယိုအသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲ သာ အနိုင်ရတဲ့အထိ ရလဒ်တွေဆိုးနေပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာလည်း လေဗာကူဆင်အသင်းရဲ့ ၁၀ မှတ်ဖြတ် ဦးဆောင်ခြင်းကို ခံထားရတာပါ။ 

အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ရာသီနဲ့ အဆုံးသတ်ရဖို့ ရှိခဲ့ပေမယ့် လာဇီယိုအသင်းကို အနိုင်ရခဲ့တာကြောင့် ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ၃၃ ပွဲ ပါဝင်ကစားထားအပြီးမှာ ၃၃ ဂိုး သွင်းယူထားကာ ဒီပွဲရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီတစ်ပတ် ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် မိန့်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ် ရယူကာ လေဗာကူဆင်အသင်းကို ဆက်ပြီး ဖိအားပေးဖို့လိုအပ်နေတာ ဖြစ်ပါတယ်။

Source: BBC