CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၆

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက ဆိုစီဒက်အသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ကို ၃ ရာသီအတွင်း ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့ပြီးနောက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “ကျနော်တို့မှာ ရှင်းလင်းတဲ့ ပွဲအစီအစဉ်ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ စောစီးစွာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကြီးမားတဲ့ အခက်အခဲတွေကို ရှောင်နိုင်ခဲ့ပါတယ်။ ဒါကို ကျနော်တို့ လုပ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်ကို ပြန်တက်နိုင် ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့က ကျနော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲလို့ ပွဲအပြီး Canal Plus ကိုပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဆိုစီဒက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ၂ ဂိုးစလုံးကို ဘတ်ပီက သွင်းယူခဲ့တာဖြစ်ပြီး ဆိုစီဒက်အသင်းအတွက် ချေပဂိုးကို မီရီနို က သွင်းယူခဲ့တာပါ။ 

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့က ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ ဆိုစီဒက်အသင်းကို အနိုင်ယူကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဘတ်ပီကို တွေ့ရစဉ်

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတာကြောင့် ဒီရာသီမှာ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။ 

ဒီရာသီအကုန်မှာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာမှာဖြစ်လို့ ပြီးခဲ့တဲ့ လီဂူးဝမ်းပွဲစဉ် ၂ ပွဲမှာ ပွဲချိန်အစောကြီး လူစားလဲခံခဲ့ရတဲ့ ဘတ်ပီဟာ ဒီပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ 

ဘတ်ပီကတော့ သူနဲ့ နည်းပြအကြားမှာ ပြဿနာမရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဘတ်ပီက “ကျနော့်နဲ့ နည်းပြ အင်းနရစ်တို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး ဘာပြဿနာမှမရှိပါဘူး။ လူတွေက ဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုးတွေးနိုင်ပေမယ့် အားလုံးက အလွန်ကောင်းပါတယ်။ ကျနော်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က ဘတ်ပီရဲ့ အနာဂတ်ဟာ အသင်းမှာရှိနေတာ မဟုတ်လို့ နည်းဗျူ တွေကို စမ်းသပ်ရမယ်လို့ ပြောထားတာပါ။ 

ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၃၄ ပွဲ ကစားထားပြီး ၃၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: ESPN