CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈

တူရကီစူပါလိဂ်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ထရက်ဇွန်စပေါ်နဲ့ ဖီနာဘာချီအသင်းတို့ ပွဲစဉ်အပြီးမှာ ထရက်ဇွန်စပေါ်အသင်း ပရိသတ်တွေဟာ ကွင်းအတွင်းပြေးဝင်ကာ ဖီနာဘာချီအသင်း ကစားသမားတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဖီနာဘာချီအသင်းက အိမ်ရှင် ထရက်ဇွန်စပေါ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ 

ပွဲချိန် ၈၇ မိနစ်မှာ တိုက်စစ်မှူး ဘတ်ရှုအာယီက ဖီနာဘာချီအသင်းအတွက် အနိုင်ဂိုး သွင်းယူအပြီးမှာ ပြိုင်ဘက် ပရိသတ်တွေက ကွင်းအတွင်း အရာဝထ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကနေ နှစ်သင်းကြား တင်းမာမှုတွေ မြင့်တက်လာ ခဲ့တာ ဖြစ်ပါတယ်။ 

ဖီနာဘာချီအသင်း ကစားသမားတွေဟာ ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာ မှုတ်ပြီးချိန်မှာ ကွင်းအတွင်း အောင်ပွဲခံမှု ပြုလုပ်ခဲ့ကြတာပါ။ 

ဒီအချိန်မှာ ပရိသတ်တစ်ဦးက ကွင်းထဲပြေးဝင်ကာ ဖီနာဘာချီအသင်း နောက်ခံလူ အိုဆာရီကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

ဖီနာဘာချီအသင်း ကစားသမားတွေနဲ့ ပရိသတ် ခိုက်ရန်ဖြစ်ပွားနေစဉ်

ဖီနာဘာချီတိုက်စစ်မှူး ဘတ်ရှုအာယီကလည်း ထရက်ဇွန်စပေါ် ပရိသတ်တစ်ဦးနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ကန်ခဲ့တာ ကို ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရတာပါ။ 

အိမ်ရှင်ပရိသတ် အများအပြားဟာ ကွင်းအတွင်း ဝင်ရောက်လာခဲ့တာကြောင့် ဖီနာဘာချီ ကစားသမားတွေဟာ ကွင်းထဲကနေ ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ကစားသမားတွေကို အကာအကွယ်ပေးဖို့ ကြိုးစားခဲ့ရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာယက “အားကစားဆိုတာ လူကြီး လူကောင်း ဆန်ရမှာပါ။ ဘောလုံးကွင်းတွေမှာ အကြမ်းဖက်မှု ကျူးလွန်တာက လုံးဝလက်ခံနိုင်စရာမရှိပါဘူး”လို့ X လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

ဒီရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်နေတာဖြစ်ပြီး ဒီဇင်ဘာလ တုန်းကလည်း အန်ကာရာအသင်း အကြီးအကဲက ကွင်းထဲဆင်းပြီး ကွင်းလယ်ဒိုင်လူကြီးကို  တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် တူရကီစူပါလိဂ်ပွဲစဉ်တွေကို ရပ်ဆိုင်းခဲ့ရသလို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှု အများအပြားနဲ့လည်း ကြုံတွေ့ခဲ့ရတာပါ။ 

၂၀၂၃-၂၄ ရာသီ တူရကီစူပါလိဂ် ပွဲစဉ် ၃၀ ကစားအပြီးမှာ ဖီနာဘာချီအသင်းဟာ အဆင့် ၂ နေရာမှာ ရပ်တည်နေ ပြီး အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၂ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ 

 Source: ESPN