CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ဖီနာဘာချီအသင်း ပရိသတ်တွေဟာ ဒိုင်နမိုကိဗ်အသင်း ဂိုးသွင်းပြီး အောင်ပွဲခံချိန်မှာ ရုရှားသမ္မတ ပူတင်ရဲ့ နာမည်ကို ကြွေးကြော်ခဲ့လို့ ဝေဖန်မှုတွေ ခံနေရပါတယ်။

ဖီနာဘာချီနဲ့ ဒိုင်နမိုကိဗ်တို့ တူရကီမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲမှာ ဒိုင်နမိုကိဗ်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ အဲဒီပွဲရဲ့ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပိုကစားစဉ် အချိန်ပိုမှာ ဒိုင်နမိုကိဗ် အသင်းက အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဒိုင်နမိုကိဗ်အတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဘူရယ်လ်စကီးဟာ ဖီနာဘာချီ ပရိသတ်တွေရှေ့မှာ  လင်းယုန်လက်ဟန် ပုံစံနဲ့ အောင်ပွဲခံခဲ့တာပါ။ ဒါကို တုံ့ပြန်တဲ့ အနေနဲ့ ဖီနာဘာချီအသင်း ပရိသတ်တွေဟာ ယူကရိန်းတစ်နိုင်ငံလုံးကို ဒုက္ခ ပေးနေတဲ့ ပူတင်ရဲ့နာမည်ကို ကျယ်လောင်စွာ ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။

ဖီနာဘာချီအသင်း ပရိသတ်တွေ အော်ဟစ်နေတဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၅ သန်းကျော်အထိ ရှိနေခဲ့တာပါ။ ဒီနောက်မှာတော့ ဖီနာဘာချီကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ယူအီးအက်ဖ်အေကို တိုက်တွန်းမှုတွေ ပြုလုပ် လာခဲ့ကြပါတယ်။

Source: Sport Bible