CNI Sport News
၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၂

အရီမာနဲ့ ပါဆီဘာရာတို့ကစားခဲ့တဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်မှာ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ဘောလုံးပရိသတ် ၁၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရှေ့ဂျာဗား ဒါဘီပွဲစဉ်မှာ ပါဆီဘာရာအသင်းက အရီမာအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပွဲသိမ်းခရာမှုတ်အပြီးမှာ ပရိသတ်တွေဟာ ကွင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။အဓိကရုဏ်းနှိပ်နှင်းရေးရဲတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး ဒီအဖြစ်အပျက်ကို တုန့်ပြန်ခဲ့ပါတယ်။

ပရိသတ်တွေဟာ မျက်ရည်ယိုဗုံး အငွေ့တွေကနေ လွတ်မြောက်နိုင်ဖို့ ခြံစည်းရိုးပေါ်ကနေ ခုန်ဆင်းနေကြတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံနေတဲ့ ဗွီဒီယိုတွေကနေ တွေ့မြင်ခဲ့ရပါတယ်။

လုံခြုံရေး တာဝန်ရှိသူတွေဟာ ပရိသတ်တွေကို ကန်ကျောက်ပြီး ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ The Times of Indonesia က ဖော်ပြထားတာပါ။

မျက်ရည်ယိုဗုံးကြောင့် ထောင်နဲ့ချီတဲ့ ပရိသတ် တွေဟာ အသက်ရှုဖို့ ခက်ခဲခဲ့ပြီး နောက်ဆုံးမှာ မူးလဲသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် သေဆုံးသူအများအပြားရှိခဲ့သလို ဒဏ်ရာကြောင့် ဆေးရုံတင်ထားရတဲ့သူ အများအပြားကလည်း စိုးရိမ်စရာအနေအထားမှာ ရှိတယ်လို့လည်း Melang Regency ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။

ဒီအပတ်အတွင်းမှာ ကစားဖို့ရှိတဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပြီး အရီမာအသင်းကို လက်ကျန်ရာသီရဲ့အိမ်ကွင်းပွဲစဉ်တွေကို ကျင်းပခွင့် ပြုမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားအက်ဖ်အေက ကြေညာခဲ့ပါတယ်။

Source:Foxsports