CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁

ဘတ်ပီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အသင်းအတွက် ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း အကြီးအကဲထံ ပေးခဲ့တဲ့ ကစားသမား ၄ ဦးစာရင်းမှာ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာပါ။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေခဲ့တာကြောင့် ကလပ်အသင်းရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်တွေ မှာ သူပါဝင်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်သတင်းဌာန RMC Sport ကတော့ ဘတ်ပီဟာ သူနဲ့အတူ တွဲဖက်ကစားနိုင်ဖို့အတွက် တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် အပါအဝင် ဘတ်ပီ ခေါ်ယူချင်တဲ့ ကစားသမား ၄ ဦးထဲမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းနဲ့ နောက်ပိုင်းမှာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ဒမ်ဘီလီလည်း ပါဝင်ခဲ့သလို နောက်ထပ် တစ်ဦးကတော့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့သွားတဲ့ အီတလီတိုက်စစ်မှူး ဆကာမာကာလည်း ပါဝင်ခဲ့တယ်လို့ သတင်း ဖော်ပြချက်အရ သိရပါတယ်။

ဘတ်ပီက ဒီကစားသမားတွေကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ တစ်ဦးမှကို ခေါ်ယူနိုင်ခဲ့ ခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖာဘီယန်ရုဇ်၊ ရီနာတိုဆန်းချက်စ်၊ ကားလို့စ် ဆိုလာ၊ ဗီတင်ဟာ၊ မူကီလီနဲ့ အီကီတီကီတို့ကို ခေါ်ယူခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အခုဆိုရင် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရကာ အုပ်စု တွင်းကို ဦးဆောင် နေတာပါ။

ဒီနောက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

Source: Sportbible