CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃

ဖီနာဘာချီအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်မှာ မဟုတ်ဘဲ ဆက်ရှိနေမယ်လို့ ဥက္ကဋ္ဌဖြစ်သူ အလီကော့က အစ္စတန်ဘူလ်ရှိ သူတို့ရဲ့ အားကစားကွင်းထဲမှာ စုရုံးနေကြတဲ့ ကွန်ဂရက်အဖွဲ့ဝင်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ ဖီနာဘာချီအသင်း ကစားသမားတွေဟာ ထရက်ဇွန်စပေါ်အသင်း ပရိသတ်တွေရဲ့ ကွင်းအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ဖီနာဘာချီအသင်း တာဝန်ရှိသူတွေဟာ လိဂ်ပြိုင်ပွဲ ကနေ နုတ်ထွက်ဖို့ စဉ်းစားခဲ့တာပါ။ 

ဖီနာဘာချီအသင်း အဖွဲ့ဝင်တွေဟာ တူရကီစူပါလိဂ်ကနေ နုတ်ထွက်မယ့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ခဲ့တာ မှာတော့ ကန့်ကွက်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖီနာဘာချီအသင်းက ထရက်ဇွန်စပေါ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထရက်ဇွန်စပေါ် အသင်း ပရိသတ်အများအပြားဟာ ကွင်းအတွင်း ဝင်ရောက်ကာ လုံခြုံရေးတွေနဲ့ ဖီနာဘာချီအသင်း ကစားသမား တွေကို တိုက်ခိုက်ခဲ့ကြတာပါ။ 

ဖီနာဘာချီအသင်းနဲ့ ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားနေစဉ်

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဘတ်ရှုအာယီက ပွဲချိန် ၈၇ မိနစ်မှာ အနိုင်ဂိုး သွင်းယူပြီးနောက် ထရက်ဇွန်စပေါ် အသင်း ပရိသတ်တွေဟာ ကွင်းအတွင်း အရာဝထ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်လာ ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ရှုအာယီဟာ ပွဲအပြီးမှာ သူ့ဆီ ဦးတည်လာခဲ့တဲ့ ပရိသတ်တစ်ဦးကို ကန်ခဲ့သလို ဖီနာဘာချီအသင်းဖော် အိုဆာရီဟာ ပရိသတ်တစ်ဦးကို ကွင်းအတွင်း လဲကျအောင် ပြုလုပ်ခဲ့တာပါ။

တူရကီဘောလုံးအဖွဲ့ချုပ်ကတော့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဖီနာဘာချီအသင်း ကစားသမား ၃ ဦးနဲ့ ကလပ် အသင်း တာဝန်ရှိသူ ၂ ဦးကို နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးစည်းကမ်းထိန်းသိမ်းရေး ဘုတ်အဖွဲ့ထံ အစီရင်ခံ တင်ပြထားတယ်လို့ သိရပါတယ်။ 

တူရကီစူပါလိဂ်ဖလားကို ၁၉ ကြိမ် ရရှိထားတဲ့ ဖီနာဘာချီအသင်းဟာ ဒီရာသီ ပွဲစဉ်ပေါင်း ၃၀ ကစားအပြီးမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

ဖီနာဘာချီအသင်းဟာ ဧပြီ ၇ ရက်မှာ တူရကီစူပါဖလား ဗိုလ်လုပွဲအဖြစ် ဂါလာတာစာရေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA