CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖိုဒန်ကို နည်းပြ ဂွာဒီယိုလာက ထိပ်တန်းကစားသမားတစ်ဦးလို့ ချီးကျူးသွားခဲ့ပါတယ်။ 

ဂွာဒီယိုလာက “သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်ကတော့ အံ့အားသင့်ဖို့ ကောင်းပါတယ်။ သူဟာ အလယ်မှာ ကစားပြီး မယုံနိုင်လောက်အောင် ဂိုးသွင်းနိုင်စွမ်းရှိတဲ့သူပါ။ သူ့ရဲ့သွေးကြောထဲမှာ သွင်းဂိုးတွေရှိနေပါတယ်။ ဖိုဒန် အနေနဲ့ သူလုပ်ချင်တဲ့ အရာမှန်သမျှကို လုပ်လို့ရပါတယ်။ သူက ထိပ်တန်း ကစားသမားဖြစ်ပြီး ဒါကို ကျနော်တို့ သိတယ်”လို့ ပြောပါတယ်။

အက်စတွန်ဗီလာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဖိုဒန်က ၃ ဂိုးနဲ့ ရိုဒရီက ၁ ဂိုးသွင်းယူခဲ့ပြီး အက်စတွန်ဗီလာအသင်းအတွက် ဂိုးကို ဒူရမ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဖိုဒန်ကို တွေ့ရစဉ်

ဒီပွဲမှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့တဲ့ ဖိုဒန်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝမှာ ဟက်ထရစ် ၃ ကြိမ်အထိ ရယူပြီးပြီလည်း ဖြစ်တာပါ။

ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး ၂၁ ဂိုးအထိသွင်းယူကာ ၁၀ ဂိုး ဖန်တီးထားတာ လည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်လို့ နည်းပြ ဂွာဒီယိုလာဟာ အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဟာလန်းတို့ကို ဒီပွဲမှာအသုံးမပြုဘဲ အနားပေးခဲ့တာပါ။

ဂွာဒီယိုလာက “ကျနော်တို့ဟာ ၃ ရက်ကို ၁ ပွဲနှုန်း ကစားနေရတာဖြစ်လို့ လန်းဆန်းတဲ့ ခြေထောက်တွေ လိုအပ်ပါ တယ်။ ပွဲစဉ် အချိန်ဇယားတွေကြောင့် ကျနော်တို့ ဒီလိုလုပ်ဖို့လိုပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို အနားပေး ဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဧပြီ ၆ ရက်မှာ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN