CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

အာဆင်နယ်အသင်းနည်းပြ အာတီတာက လူတန်အသင်းဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး သူတို့ကို အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “အနိုင်ရခဲ့လို့ ပျော်ပါတယ်။ ဒီပွဲဟာ အလွန်ခက်ခဲခဲ့ပြီး လူတန်အသင်းကို အသိအမှတ်ပြုပါတယ်။ သူတို့ဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ခဲ့ပြီး ကျနော်တို့ကို အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံကြောင့် စည်းချက်မှန်ကို မရရှိခဲ့ဘူး”လို့ ပြောပါတယ်။

လူတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို အိုဒီဂတ်နဲ့ လူတန်အသင်း နောက်ခံလူ ဟာရှီအိုကာက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်း ပွဲမကစားခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ 

 အာဆင်နယ်နဲ့လူတန်အသင်းတို့ ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းဟာ ဒီပွဲ အပါအဝင် ၂၀၂၄ ခုနှစ်ထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲစလုံး ရှုံးပွဲမရှိဘဲ ၉ ပွဲ အနိုင်ရရှိကာ ၁ ပွဲသရေကျထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာပါ။

အာဆင်နယ်အသင်းဟာ လူတန်အသင်းနဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၅ ဦး အထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ခဲ့ပြီး လာမယ့်ပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ နည်းပြ အာတီတာက ပြောခဲ့တာပါ။

အာတီတာက “ဆာကာဟာ လူတန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ နီးစပ်ခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ပွဲက တူညီတဲ့ နေရာမှာပဲ တစ်ခုခုကို သူခံစားခဲ့ရပါတယ်။ အဲဒါကြောင့် သူ့ကို ကျနော်တို့ အသုံးမပြုခဲ့တာပါ။ မနက်ဖြန်မှာ သူပြန်လေ့ကျင့်နိုင်ဖို့နဲ့ ဒီအပတ်ကစားမယ့်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ကျနော်မျှော်လင့်တယ်”လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ဧပြီ ၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro