CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၄

အာဆင်နယ်အသင်း ကစားသမားဟောင်း ရောဘတ်ပီရက်ဇ်က ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ရီးရယ်လ်အသင်းထက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ပြီးကစားဖို့ ပြောလိုက်ပါတယ်။

ရောဘတ်ပီရက်စ်က “ဘတ်ပီအနေနဲ့ နောက်ဆုံးမှာ ဘာဆုံးဖြတ်မလဲဆိုတာ မသိပေမယ့် ကျနော်ကတော့ သူ့ကို လီဗာပူးလ်မှာ မြင်တွေ့ချင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကြီးမားတဲ့ မိသားစုကလပ်ဖြစ်ပြီး ကောင်းမွန်တဲ့ ဖွဲစည်းမှုနဲ့ ဖိအားလည်း မရှိပါဘူး။ ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း တကယ်ကောင်းမွန်ပါတယ်။ ပြီးတော့ ဆာလက်-ဘတ်ပီ အတွဲဖက်က ပေါက်ကွဲထွက်သွားနိုင်တယ်လို့ ထင်ပါတယ်။ သူဟာ ရီးရယ်လ်ကို ငြင်းပယ် နိုင်စွမ်း ရှိတယ်လို့ ကျနော်ထင်ကြောင်း”ပြောပါတယ်။

ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဘတ်ပီကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်မှာ သူ့ရဲ့အနာဂတ်ကို ကြေညာသွားမယ်လို့ ပြောထားတာပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ပြင်သစ်အသင်းခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာပြီးကတည်းက ပီအက်စ်ဂျီ အသင်းအတွက် ၂၅၁ ဂိုး သွင်းယူထားပြီး ပြည်တွင်းပြိုင်ပွဲမှာ ဆုဖလားအများအပြားနဲ့ တစ်ဦးချင်း အောင်မြင်မှု တွေလည်း အများအပြား ရယူထားတာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဘတ်ပီဟာ ၂၀၂၂ ခုနှစ်ကတည်းက ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ခဲ့တာပါ။ 

အခုအချိန်မှာတော့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်း ကစားသမားဘဝ နောက်ဆုံးရာသီမှာ အသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ကိုသာ အာရုံစိုက်နေတာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၂ နေရာက ဘရက်စ်အသင်းကို ၁၂ မှတ်ဖြတ်ပြီး အဆင့် ၁ နေရာက ဦးဆောင်နေသလို ပြင်သစ်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။ 

ဒါအပြင် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် ရောက်ရှိနေကာ ဒီရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

Source: Metro