CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဘရန်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖိုဒန်ကို ထူးခြားတဲ့ကစားသမားလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒီနေ့ ဖိုဒန်ရဲ့ စွမ်းဆောင်ရည်ကို ကျနော်တို့ လိုအပ်ပါတယ်။ ဖိုဒန်ဟာ အသင်းအတွက် သွင်းဂိုး တွေရော ဂိုးဖန်တီးမှုတွေပါ ပြုလုပ်ပေးနေပါတယ်။ သူဟာ တကယ်ကို ထူးခြားတဲ့ကစားသမားပါ။ သူဟာ လူငယ် ဖြစ်ပေမယ့် မန်စီးတီးအတွက် ပွဲပေါင်း ၂၅၀ ပါဝင် ကစားပေးပြီးပါပြီ။ ဒါက သူစပြီး ပါဝင်ကစားကတည်းက သူ့ရဲ့ သက်ရောက်မှုကို ပြသနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းက ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖိုဒန်ဟာ အသင်း အတွက် ၃ ဂိုးစလုံး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ မော်ပေးက ဘရန်ဖို့ဒ်အသင်းအတွက် ဦးဆောင်ဂိုး စပြီး သွင်းယူနိုင်ခဲ့ပေမယ့် ဖိုဒန်က မန်စီးတီးအသင်း အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့တာပါ။ 

 မန်စီးတီးနဲ့ ဘရန်ဖို့ဒ် ယှဉ်ပြိုင်နေစဉ်

ဘရန်ဖို့ဒ်အသင်းနဲ့ပွဲက ဟက်ထရစ်ဟာ ဖိုဒန်အတွက် သူ့ရဲ့ ကစားသမားဘဝ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယမြောက် ဟက်ထရစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဟက်ထရစ်ကိုတော့ မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို အနိုင်ရတဲ့ပွဲမှာ ရယူနိုင်ခဲ့တာပါ။ 

အသက် ၂၃ နှစ် အရွယ်သာရှိသေးတဲ့ မန်စီးတီးအသင်း အကယ်ဒမီထွက် ဖိုဒန်ဟာ ဒီရာသီမှာ အသင်းအတွက် ၃၃ ပွဲ ပါဝင်ကစားထားပြီး ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ဘရန်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တာကြောင့် ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ် အကွာ အဆင့် ၂ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ လက်ကျန် ၁ ပွဲ ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ဒီပွဲမှာသာ အနိုင်ရလဒ် ရယူနိုင်ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဟာလန်းတို့ဟာ ၅ လ ကျော်အကြာမှ ပထမဆုံးအကြိမ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အတူတွဲပါဝင်ခဲ့ရတာပါ။ 

သူတို့နှစ်ဦးဟာ ဒီပွဲမှာ သွင်းဂိုး ၁ ဂိုးစီ ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN