CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းကို အသင်းမှာ ဆက်ပြီးရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒါက ဒီဘရိုင်းအတွက် မေးစရာတစ်ခုပါ၊ ကျနော်ကတော့ သူ့ကိုဒီမှာ ဆက်ပြီးရှိစေချင်ပေမယ့် ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်လည်းမသိပါဘူး။ ချိတ်ဆက်မှုတွေကိုတော့ ကြားခဲ့ရပေမယ့် ကမ်းလှမ်းမှု ရှိလားဆိုတာတော့ ကျနော်လည်း မသိပါဘူး။ ပြီးတော့ ဆော်ဒီက သူ့ကို လိုချင်လားဆိုတာလည်း ကျနော် မသိပါဘူး။ ကျနော်ကတော့ သူ့ရဲ့ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ဒီမှာဆက်ရှိစေချင်ပါတယ်”လို့ ပြောကြားခဲ့ ပါတယ်။

ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ရှိနေပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အသင်းတွေက သူ့ကိုခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေကို ရပ်တန့်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

ဆော်ဒီကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဒီဘရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မတိုင်ခင်မှာ ထပ်ပြီးကြိုးစားဖို့ စီစဉ်နေတာပါ။ 

 ဂွာဒီယိုလာနဲ့ ဒီဘရိုင်းကို တွေ့ရစဉ်

အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ၅ လကျော်ကြာ အနားယူခဲ့ရပြီးနောက် ဇန်နဝါရီကမှ မန်စီးတီးအသင်းအတွက် ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ဒဏ်ရာက သက်သာပြီးနောက် မန်စီးတီးအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူကာ ၈ ဂိုး ဖန်တီးထားတာပါ။ 

၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ၃၆၇ ပွဲ ပါဝင် ကစားထားပြီး ၉၈ ဂိုး သွင်းယူထားကာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၁၄ ခုအထိ ရယူထားနိုင်ခဲ့ပါတယ်။

ဒါအပြင် ဒီဘရိုင်းဟာ တစ်ဦးချင်း အကောင်းဆုံးဆု အများအပြားကိုလည်း ရရှိထားပါတယ်။

မန်စီးတီးအသင်းကတော့ ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းမှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN