CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁
ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဒီဘရိုင်းရဲ့ အနာဂတ်ဟာ သူ့ရဲ့ လက်ထဲမှာပဲရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကလပ်ရဲ့အနာဂတ်မှာ အစိတ်အပိုင်းအဖြစ် ရှိနေမယ့် အသက် ၃၀ ကျော် ကစားသမားတွေ ရှိပါတယ်။ ဒီဘရိုင်းကတော့ သူနဲ့ ကလပ်က ဆုံးဖြတ်သွားပါလိမ့်မယ်။ စာချုပ်ရှိနေတဲ့ သူတွေကို လာမယ့် ရာသီ အသင်းမှာ ဆက်ရှိဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ကစားသမားအသစ်တွေ ဒါမှမဟုတ် အဟောင်း တွေနဲ့ပဲ လုပ်လို့မရဘဲ အားလုံး အတူတူတွဲလုပ်ရမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အိုမာမာမွတ်ရှ်၊ နီကိုဂွန်ဇာလက်ဇ် အပါအဝင် ကစားသမား ၅ ဦးကို ပေါင်သန်း ၁၈၀ ကျော် သုံးစွဲပြီး အားဖြည့်ခဲ့သလို လာမယ့် နွေရာသီမှာလည်း အသင်းကို အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
အဲဒါကြောင့် စာချုပ်ကုန်ဆုံးမယ့် ဒီဘရိုင်း အပါအဝင် ကစားသမားတချို့ဟာ နွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာရဖို့ ရှိနေတာပါ။
ဂွာဒီယိုလာကတော့ အတွေ့အကြုံရင့် ကစားသမားတွေကို လာမယ့်ရာသီအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့် နေပါတယ်။
ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရပ်တန့်နေ ခဲ့ပြီး ကစားသမားကတော့ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ပြောထားတာပါ။
လက်ရှိအချိန်မှာ ဒီဘရိုင်းကို ခေါ်ယူဖို့ မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် အကန့်အသတ်နဲ့သာ ရရှိတော့တာဖြစ်ပါတယ်။
Source: Metro