CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကြားရက်မှာကစားမယ့် စပါတာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဝေါလ်ကာနဲ့ ဒီဘရိုင်း ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ချန်ပီယံလိဂ်ပွဲအတွက် သူတို့နှစ်ဦး အဆင်သင့်ဖြစ်မယ်လို့ ကျနော် မထင်ပါဘူး။ ကျနော်တို့ဟာ ဒီပွဲမတိုင်ခင် ရက်အနည်းငယ် လေ့ကျင့်မှု ပြုလုပ်ဖို့ရှိပေမယ့် ကျနော်ကတော့ သူတို့နှစ်ဦး ပါဝင်နိုင်မယ်လို့ မထင်ကြောင်း”Sky Sports ကို ပြောခဲ့တာပါ။ 

ဝေါလ်ကာနဲ့ ဒီဘရိုင်းတို့ဟာ မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရပြီး ကတည်းက မန်စီးတီးအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ 

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရက် အနည်းငယ်က အပေါ့စား လေ့ကျင့်မှု အစီအစဉ်တွေကို ပြန်လည်ပြုလုပ်နေပြီ ဖြစ်တာပါ။ 

ဒီဘရိုင်းနဲ့ ဝေါလ်ကာကိုတွေ့ရစဉ်

မန်စီးတီးအသင်းခေါင်းဆောင် ဝေါလ်ကာဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပါဝင် ကစားခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့် ကြံ့ခိုင်မှုအပြည့်အဝ မရှိသေးတာဖြစ်ပါတယ်။ 

အဲဒါကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဝေါလ်ကာနဲ့ ဒီဘရိုင်းတို့ နှစ်ဦးစလုံး ပါဝင်နိုင်ဖို့ မျှော်လင့်ထားခြင်းမရှိတာပါ။ 

မန်စီးတီးအသင်းဟာ ရိုဒရီနဲ့ ဘော့ဘ်တို့ကို ကာလရှည်ကြာ အနားပေးထားရပြီး အကီနဲ့ အကန်ဂျီတို့ကတော့ အသင်းအတွက် ပါဝင်ကစားနိုင်ပြီဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ လာမယ့် စပါတာအသင်းနဲ့ ပွဲစဉ်မှာ ချန်ပီယံလိဂ် ဒုတိယမြောက် နိုင်ပွဲရယူနိုင်ဖို့ ရည်မှန်း ထားတာပါ။ 

မန်စီးတီးအသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: MCEN