CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁
ချယ်လ်ဆီးအသင်းဟာ ဂိုးသမားနှစ်ဦးဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ ယော်ဂင်ဆန်တို့ လက်စွမ်းပိုင်းတည်ငြိမ်မှုမရှိပေမယ့် နွေရာသီမှာ ဂိုးသမားသစ်တစ်ဦးခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
စပိန်ဂိုးသမား ဆန်းချက်ဇ်ဟာ ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ပေမယ့် အမှားယွင်းတွေအများကြီးပြုလုပ်ခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဆန်းချက်ဇ်ကို နံပါတ်တစ်နေရာကနေ ဖယ်ရှားပြီး ယော်ဂင်ဆန်ကို ပွဲထွက်ဂိုးသမားအဖြစ် ပြောင်းလဲအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဗီလာရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ယော်ဂင်ဆန်ဟာ ဆန်းချက်ဇ်ရဲ့နေရာမှာ နံပါတ်တစ်ဂိုးသမားအဖြစ် အစားမထိုးခံရခင်က ဖလားပြိုင်ပွဲတွေမှာသာ ပါဝင်ခဲ့ရတာပါ။
ဒါပေမယ့် ယော်ဂင်ဆန်ဟာ ဘရိုက်တန်၊အက်စတွန်ဗီလာအသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အမှားအယွင်းတွေပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။
ပုံစာ-ချယ်လ်ဆီးအသင်း ဂိုးသမားကို တွေ့ရစဉ်
ဆန်းချက်ဇ်နဲ့ ယော်ဂင်ဆန်တို့ရဲ့ လက်စွမ်းပိုင်းမတည်ငြိမ်မှုတွေကြောင့် နွေရာသီမှာ ဂိုးသမားသစ် တစ်ဦးခေါ်ယူဖို့ ချယ်လ်ဆီးအသင်းကို ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေက တိုက်တွန်းထားကြပါတယ်။
ဒီလိုတောင်းဆိုမှုတွေ ရှိနေပေမယ့် ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ဂိုးသမားသစ် ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ အငှားချထားတဲ့ ဂိုးသမားတွေအသင်းထံ ပြန်ရောက်ရှိလာမှာဖြစ်လို့ နံပါတ်တစ်နေရာအတွက် အပြိုင်အဆိုင် ကြိုးစားကြမှာကို မြင်တွေ့ချင်နေတာပါ။
နည်းပြဟောင်း ပိုချက်တီနို လက်ထက်မှာ နံပါတ်တစ်ဂိုးသမားဖြစ်ခဲ့တဲ့ ပီထရိုဗစ်ဟာ ပြင်သစ်ကလပ်မှာ လက်စွမ်းပြသနေသလို စပိန်ဂိုးသမား ကီပါကလည်း ဘုန်းမောက်အသင်းမှာ လက်စွမ်းပြသနေတာဖြစ်ပါတယ်။
ဒါပေမယ့် ကီပါရဲ့အနာဂတ်ကတော့ ချယ်လ်ဆီးအသင်းမှာ မရေမရာဖြစ်နေပြီး နွေရာသီမှာ အပြီးသတ်ထွက်ခွာဖွယ်ရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့် ကြားရက်ထဲမှာ ကိုပင်ဟေဂင်အသင်းနဲ့ ကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကစားရမှာဖြစ်ပြီး ယော်ဂင်ဆန်နဲ့ ဆန်းချက်ဇ်တို့ နှစ်ဦးထဲက ဘယ်သူ့ကိုပွဲထွက်အသုံးပြုမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source:Metro