CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၈

ရှက်ဖီးယူနိုက်တက်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အသင်းဟာ လုံလောက်တဲ့ရင့်ကျက်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ကျနော်ဟာ အသက် ၅၂ နှစ်ရှိပြီဖြစ်လို့ ဒီအသင်းက ယှဉ်ပြိုင်ဖို့အဆင်သင့်ဖြစ်၊မဖြစ်ဆိုတာ လျင်မြန်စွာသိရှိနိုင်ပါတယ်။ ဒီအစုအဖွဲ့ဟာ ၃ ရက်ကို ၁ ပွဲယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ ရင့်ကျက်မှုမရှိပါဘူး။ ဒါက အသင်းသစ်ဖြစ်ပြီး သူတို့ရဲ့ ပရိုဖိုင်တွေကို ကျနော်လေ့လာနေဆဲပါ။ လုပ်ငန်းစဉ်တစ်ခုက အမြဲတမ်း အချိန် ယူရပါတယ်။ အသင်းတစ်သင်းကိုတည်ဆောက်ဖို့ ၃ နှစ် ဒါမှမဟုတ် ၅ နှစ်ဆိုတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ ပြဿနာတွေကို ပြေလည်အောင်ကြိုးစားလုပ်ဖို့လိုတယ်” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ နာကျင်အချိန်ပို ၉၂ မိနစ်အထိ ၂ ဂိုး-၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ၉၃ မိနစ်မှာချေပဂိုးပေးခဲ့ရတာကြောင့် ရမှတ် ၃ မှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီး အသင်းအတွက် ဂိုးတွေကို သီယာဂိုဆေးလ်ဗားနဲ့ မာဒူကီတို့က သွင်းယူခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းအတွက် ချေပဂိုးတွေကို ဘိုဂလီနဲ့ မက်ဘာနီတို့က သွင်းယူခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက် အသင်းကို အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ အမှတ်လျော့ခဲ့တာ ဖြစ်ပါတယ်။

ပိုချက်တီနိုက ဒီပွဲစဉ်ရဲ့နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးခဲ့ရတာကြောင့် စိတ်ပျက်မိပေမယ့် သရေရလဒ်က မျှတတဲ့ ရလဒ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

 ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ဝေလ်ဒါကလည်း သူတို့ဟာ ဒီပွဲမှာ သရေတစ်မှတ်ရဖို့ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

 ချယ်လ်ဆီးအသင်းဟာ သရေရလဒ်ကြောင့် အဆင့် ၉ နေရာမှာရပ်တည်နေပြီး အဆင့် ၆ နေရာက ယူနိုက်တက်အသင်းနဲ့ ၅ မှတ် ကွာဟနေတာပါ။

 ရှက်ဖီးယူနိုက်တက်အသင်းကတော့ အဆင့် ၂၀ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်အထက်က နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ၉ မှတ်ကွာဟနေပါတယ်။

ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက အဲဗာတန်၊ ရှက်ဖီးယူနိုက်တက်အသင်းက ဘရန်ဖိုဒ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  

Source:DailyMail