CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ရှုံးပွဲဆက်နေမှုကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ပိုချက်တီနိုက သူဟာ ချယ်လ်ဆီးအသင်း ပိုင်ရှင်တွေဆီကနေ ကောင်းမွန်တဲ့စာကို ရရှိခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ပိုချက်တီနိုက”ကျနော်တို့အားလုံး ဒီထဲမှာအတူရှိနေကြပြီး ဒါက အရေးကြီးပါတယ်။ ကျနော်ဟာ ပိုင်ရှင် တွေဆီကနေ အလွန်ကောင်းမွန်တဲ့စာကို ရရှိခဲ့ပါတယ်။ ကျနော်ဟာ အသင်းပိုင်ရှင်တွေနဲ့ရော အားကစား ဒါရိုက်တာနဲ့ပါ နေ့တိုင်းအဆက်အသွယ်ရှိနေပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုလ်ဗ်စ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့် ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၁၁ နေရာကို ကျဆင်းသွားခဲ့ပါတယ်။ တောဒ့်ဘိုလီဦးဆောင်တဲ့ ချယ်လ်ဆီး အသင်းပိုင်ရှင်တွေဟာ အသင်းကို ၂၀၂၂ ခုနှစ်၊မေလမှာ စတင်တာဝန်ယူပြီးကတည်းက ပြောင်းရွှေ့ကြေး ပေါင် ၁ ဘီလီယံကျော်သုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူပေးခဲ့တာပါ။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၃ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၉ ပွဲသာရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက်အရေးနိမ့်ပြီးနောက် နည်းပြပိုချက်တီနိုဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေနဲ့ ရင်ဆိုင်လာခဲ့ရတာပါ။ လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ဒီရာသီမှာလည်း ရလဒ်ဆိုးတွေကြောင့် အသင်းပရိသတ်တွေဟာ စိတ်ပျက်နေတာဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ ပရိသတ်တွေအနေနဲ့ သူတို့ကို ယုံကြည်ဖို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက “ပရိသတ်တွေဟာ ကျနော်တို့ကို ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကျနော်တို့ဟာ ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ အချိတ်အဆက်တွေကို ဖန်တီးနိုင်ဖို့လိုအပ်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကိုသွားတဲ့အချိန်မှာ ပရိသတ်တွေအနေနဲ့ ကွဲပြားခြားနားတဲ့ချယ်လ်ဆီး၊မတူညီတဲ့ ပရောဂျက်နဲ့ ကွဲပြားတဲ့အရာအားလုံးကို နားလည်ဖို့ လိုအပ်ပါတယ်။ ကစားသမားတွေဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ ပွဲကိုအနိုင်ရချင်ကြတယ်ဆိုတာ ပရိသတ်တွေကို ကျနော်ကတိပေးပါတယ်” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဖေဖော်ဝါရီ ၈ ရက်မနက်ပိုင်းမှာ FA ဖလားစတုတ္ထအဆင့်ပြန်ကန်ပွဲစဉ်အဖြစ် အက်စတွန် ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC