CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေရတဲ့ ယူကရိန်းနိုင်ငံမှာ ဘောလုံးပြိုင်ပွဲတွေ ပြန်လည်ကျင်းပတာဟာ ဒီမှာရှိတဲ့လူတွေက အရှုံးမပေးဘဲ ဘဝကိုဆက်သွားဖို့ ကြိုးစားနေတယ်ဆိုတာ ကမ္ဘာကြီးကိုပြသဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုက ပြောပါတယ်။

ဇင်ချန်ကိုက “ယူကရိန်းပြည်သူတွေက အရှုံးမပေးဘဲ ဘယ်လို အခြေအနေမျိုးမှာမဆို ဆက်ပြီးလုပ်ဆောင်နေ တယ်ဆိုတာကို ကမ္ဘာကြီးကိုပြသဖို့ အလွန်အရေးကြီးတယ်”လို့ အာဆင်နယ်အသင်း ဝက်ဘ်ဆိုက်နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အခုနှစ်ရာသီ ယူကရိန်းပရီးမီးယားလိဂ် ပြိုင်ပွဲကို သြဂုတ် ၂၃ ရက်က စတင်ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီလက ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲမပြီးဆုံးသေးခင် အဆုံးသတ်ခဲ့ရပြီးနောက် ရာသီသစ်ကို ပြန်လည်စတင်ခဲ့တာပါ။

ယူကရိန်း ပရီးမီးယားလိဂ်ပြိုင်ပွဲ (MARCA)

ပရိသတ်တွေကို ဝင်ခွင့်မပြုဘဲ ပြိုင်ပွဲကျင်းပမယ့် အားကစားကွင်းတွေမှာ ဗုံးဒဏ်ကာကွယ်ရေး အမိုးအကာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ယူကရိန်းအတွက် ၅၂ ပွဲ ပါဝင်ကစားထားတဲ့ ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ မန်စီးတီးကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ဇင်ချန်ကိုက “ ယူကရိန်းအဖွဲ့ချုပ်နဲ့ ယူကရိန်းမှာ ပြိုင်ပွဲတွေကစားဖို့ လိုအပ်တယ်လို့ ပြောခဲ့တဲ့ သမ္မတ ဇာလန်းစကီးကို အလွန်ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဆိုတဲ့ အခြေခံ အဆောက်အဦတွေ မရှိတော့ဘူးဆို တာ သိပေမယ့် ကျနော်တို့ ဆက်သွားဖို့ လိုပါတယ်။ ဒါက ယူကရိန်းနိုင်ငံသားတွေ အားလုံးအတွက် အရေးကြီးဆုံး အရာပါ။ ဖြစ်နိုင်မယ်ဆိုရင် ပွဲတွေအားလုံးကို ကျနော်ကြည့်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ရာသီသစ် ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၁၆ သင်းနဲ့ ကျင်းပနေပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်မှာ ပြိုင်ပွဲအဆုံးသတ်မှာ ဖြစ်ပါတယ်။

Source: Reuters