CNI International News

ဂူဝါဟတီ၊ အောက်တိုဘာ ၂၄

တားမြစ်ပိတ်ပင်ခံထားရသည့် စစ်သွေးကြွအဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန်/ ယုံးအောင် (NSCN-K/YA)မှ ကေဒါတစ်ဦးသည် အောက်တိုဘာ ၂၂ ရက်က အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ရှိ တီရစ်ပါ (Tirap) ခရိုင် ရဲတပ်ဖွဲ့ထံတွင် လက်နက်ချ အဖမ်းခံခဲ့သည်ဟု Northeast Now သတင်းမှ ဖော်ပြခဲ့သည်။

ဗိုလ် ဝန်ဟွန် နွတ်ပါး (Lieutenant- Wanghong Nokpa) အမည်ရှိ ထိုကေဒါသည် လာဇူ (Lazu)မြို့ ရဲစခန်းသို့ လာရောက်ကာ စခန်းမှူး အက်စ်အိုင် အယ်လ် ကင်ဆင်း (SI L Kimsing) နှင့် အမှတ် ၆ အာသံရိုင်ဖယ် တပ်ဖွဲ့ (Assam Rifles -AR Team) ထံတွင် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။ 

သူသည် ၉ မမ ပစ္စတိုလ်တစ်လက်၊ ကျည်ဆံ ၃ တောင့်နှင့်အတူ လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူ့ကို တီရစ်ပါ ခရိုင်ရဲတပ်ဖွဲ့နှင့် အမှတ် ၆ အာသံရိုင်ဖယ်တပ်ဖွဲ့က လက်နက်ချသည့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့သည်။

နန်းယွန်းမြို့နယ် မြေပုံကိုတွေ့ရစဉ်

နွတ်ပါးက သူသည် ဘာရက် (Barap) အလယ်တန်းကျောင်းတွင် ဆဋ္ဌမတန်းတက်ရောက်နေချိန် ၁၉၉၉ ခုနှစ်တွင် သူနှင့် အသက် ၁၈ နှစ်အရွယ် တခြား လူငယ်များကို NSCN-K မှ ဗိုလ်ကြီး ကီဝမ် ဒီအိုဆာ (Kewang Diotsa) က အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏အဖွဲ့ထဲသို့ ဝင်ရောက်ခိုင်းခဲ့ကြောင်း ပြောသည်။ 

ထို့နောက် ၎င်းတို့ကို ၃ လကြာ အခြေခံ သင်တန်းပေးခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင် သူသည် ဗိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ထိုအဖွဲ့အစည်းအတွင်း နေထိုင်ခဲ့သည့် အချိန်အတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု နွတ်ပါးက ပြောသည်။

မိမိသည် တခြားစစ်သွေးကြွများ၏ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရပြီး စခန်းတွင်လည်း လစာငွေ တစ်ကြိမ်တစ်ခါမှ မရရှိခဲ့သဖြင့် မြန်မာနိုင်ငံ Ngaimong (ငိုင်မောင်းရွာ-နန်းယွန်းမြို့နယ်) ဒေသမှတဆင့် CHQ Lahong(လဟောင်)သို့ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် လာဇူမြို့ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ပြီး မိသားစုနှင့် အတူ နေထိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်

သူသည် စစ်သွေးကြွစခန်း ခေါင်းဆောင်များ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်များအောက်တွင် နေထိုင်ခဲ့ရကာ လူငယ်များအနေနှင့် ထိုကဲ့သို့ နိုင်ငံကို ဆန့်ကျင်သည့် အုပ်စုများနှင့် ခပ်ကင်းကင်းနေရန် တိုက်တွန်းခဲ့သည်။ 

NSCN-K/YA သည် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(NSCN)၏ အဖွဲ့ခွဲဖြစ်သည်။ NSCN-K/YA သည် NSCN-IM(အိုက်ဇက်/ဗွီးဗာ)နှင့် အိန္ဒိယဗဟိုအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သည်။

NSCN-K/YA သည် မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသများနှင့် အိန္ဒိယအတွင်းက နာဂဒေသများကို စုစည်း၍ နာဂ နိုင်ငံထူထောင်ရေး ကြိုးပမ်းနေသော နာဂလက်နက်ကိုင်ဖြစ်သည်။ သို့သော် NSCN-K/YA သည် မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်မှု မရှိဘဲ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။

Source: Northeast Now