CNI International News

ဒီမာပူရ၊ ဖေဖော်ဝါရီ ၇

အိန္ဒိယ-မြန်မာ နယ်စပ်စည်းရိုး တည်ဆောက်မှုနှင့် နှစ်နိုင်ငံအကြား လွတ်လပ်စွာသွားလာခွင့် အစီအစဉ် (FMR) ကို ပယ်ဖျက်မှုသည် မည်သည့်ကောင်းကျိုးမှ ရှိလာလိမ့်မည်မဟုတ်ဘဲ နာဂပြဿနာကို ပိုမိုရှုပ်ထွေးစေရုံသာ ရှိလိမ့်မည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် NSCN-K/YA  အုပ်စုက သတိပေးခဲ့ ကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။

မကြာသေးမီက အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်စည်းရိုးထူထောင်မည့် အစီအစဉ်ကို NSCN-K/YA က ရှုတ်ချခဲ့ပြီး ထိုအစီအစဉ်သည် အိန္ဒိယအစိုးရက နာဂနိုင်ငံကို သိမ်းပိုက်ထားမှုအား တရားဝင်မှုရှိစေသည့် အားထုတ်ကြိုးပမ်း မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နာဂလူမျိုးများသည် ရှေးခေတ်ကတည်းက လွတ်လပ်သည့် လူမျိုးများဖြစ်ပြီး မည်သူ့ကိုမှ ဦးညွှတ်ခြင်း၊ မိမိတို့ နိုင်ငံအတွင်း လာရောက်မှုအတွက် ခွင့်ပြုချက် တောင်းခံခြင်းတို့ မရှိခဲ့ကြောင်း NSCN-K/YA ၏ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည်။

 အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးကို တွေ့ရစဉ်

လုံခြုံရေးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ခေါင်းစဉ်အောက်တွင် အစိုးရ၏ အစီအစဉ်သည် နာဂအသိုင်းအဝိုင်းကို နှစ်ခြမ်းကွဲစေနိုင်ပြီး အချုပ်အခြာ အာဏာပိုင်ခွင့်ရရှိရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ နာဂလူမျိုးများ၏ ရုန်းကန်နေ ရမှုကို လျော့ပါးစေခြင်းကြောင့် လက်ခံနိုင်စရာမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြည်ထဲရေးဝန်ကြီး အမစ် ရှား (Amit Shah) ၏ သေချာမှုမရှိသည့် ခန့်မှန်းချက်များ ထွက်ပေါ်နေသည့်တိုင် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံစလုံးတွင် နေထိုင်သည့် နာဂလူမျိုးများသည် မိမိတို့၏ အခွင့်အရေးများကို ချိုးဖောက် ပြီး၊ မိမိတို့၏ အနာဂတ်နှင့် နေထိုင်မှု ဘဝပုံစံကို ခြိမ်းခြောက်ရာရောက်သည့် နယ်စပ်စည်းရိုးခတ်မှုကို ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နာဂလူမျိုးများအနေဖြင့် FMR ကို ဦးစားပေးကိစ္စအဖြစ် မည်သည့်အခါမျှ တောင်းဆိုခဲ့ခြင်း မရှိကြောင်း၊ ထိုကဲ့သို့ သော ဥပဒေများကို လွယ်လွယ်ပြဋ္ဌာန်းပြီး လွယ်လွယ် ဖျက်သိမ်းမှုများသည် ယုတ္တိမရှိကြောင်း NSCN-K/YA အဖွဲ့ က ပြောကြားခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးကို တွေ့ရစဉ်

"အချုပ်အခြာ အာဏာပိုင်ခွင့်ရှိတဲ့ ကျနော်တို့ လူမျိုးတွေဟာ လွတ်လပ်စွာ သွားလာနိုင်ခွင့်အပေါ် အဆုံးအဖြတ် ပေးတာကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒီနေ့မှာ ကျနော်တို့ရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ဟာ နာဂနိုင်ငံတော် အနှံ့မှာ စစ်ဆေးရေးဂိတ်တွေ၊ အတားအဆီးတွေနဲ့ ကန့်သတ်ခံခဲ့ရပါတယ်။ အခုလို ဖိနှိပ်မှုဟာ ပြီးခဲ့တဲ့ ရာစုနှစ် အများကြီးတုန်းက ကျနော်တို့ လူမျိုးတွေကြားထဲမှာ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေနဲ့ မလုံခြုံမှုတွေကို ပိုမိုနက်ရှိုင်းစေ ခဲ့ပါတယ်" ဟုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အိန္ဒိယအစိုးရ၏ လုပ်ဆောင်မှု မှန်သမျှသည် ဘောင်ကျော်နေပြီး ထိုလုပ်ဆောင်မှုများသည် စိန်ခေါ်မှုမရှိဘဲ ပြီးဆုံးသွားလိမ့်မည် မဟုတ်ကြောင်း၊ မိမိတို့ နိုင်ငံအတွင်းရှိ နေရာဒေသ ပေါင်းစုံတွင် နေထိုင်သည့် နာဂလူမျိုး အားလုံးသည် ယခုကဲ့သို့ တရားမဝင် မူဝါဒကို ဆန့်ကျင်ကြောင်း ညီညွတ်စွာ ထုတ်ဖော်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း NSCN-K/YA က ထုတ်ပြန်ခဲ့သည်။

Source: Northeast Now