CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၄

အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အမေရိကန်စစ်မှုထမ်းများ သို့မဟုတ် တပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်လာပါက  အမေရိကန်အနေနှင့် တုန့်ပြန်ရန် ပြင်ဆင်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်  (Lloyd Austin)တို့က ပြောကြားခဲ့ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။ 

ထို့ပြင် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အီရန်၏ ပါဝင်မှုနှင့်အတူ ပဋိပက္ခသည် အရှိန်မြင့် လာလိမ့်မည်ဟု ခန့်မှန်းရ ကြောင်း ဘလင်ကင်နှင့် လွိုက်အော်စတင်တို့က ပြောသည်။ 

"အဲဒီအခြေအနေမျိုးကို ကျနော်တို့ မလိုချင်ပါဘူး။ တင်းမာမှုတွေကို မမြင့်တက်စေချင်ပါဘူး။ ကျနော်တို့ စစ်မှုထမ်းတွေ တိုက်ခိုက်ခံတာကို မမြင်ချင်ပါဘူး။ ဒါပေမယ့် တိုက်ခိုက်ခံရမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တုန့်ပြန်ဖို့ အသင့်ပြင်ထားပါတယ်" ဟု ဘလင်ကင်က ပြောသည်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးကို တွေ့ရစဉ်

လွိုက်အော်စတင်ကလည်း ဒေသတွင်းရှိ မိမိတို့ စစ်သားများနှင့် မိမိတို့ ပြည်သူများအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာမည့်် အလားအလာကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အနေနှင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး သင့်တော်သလို ပြန်လည်လုပ်ဆောင်ရန် တွန့်ဆုတ် နေမည် မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောသည်။

အောက်တိုဘာ ၇ ရက်ကစပြီး ဟားမာ့စ်အဖွဲ့သည် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လူနေရပ်ကွက်များတွင် အရပ်သား များကို တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးစစ်တပ်က ဂါဇာတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် တုန့်ပြန် တိုက်ခိုက်နေ ချိန်တွင် အမေရိကန် ထိပ်သီးအရာရှိနှစ်ဦး၏ သတိပေးချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်စစ်တပ်ကိုတွေ့ရစဉ်

အောက်တိုဘာ ၂၁ ရက် ညသန်းခေါင်တွင်လည်း အစ္စရေး စစ်လေယာဉ်များသည် ဂါဇာဒေသကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆီးရီးယားရှိ လေဆိပ်နှစ်ခုနှင့် အနောက်ဘက်ကမ်း (West Bank) ဒေသရှိ စစ်သွေး ကြွများ အသုံးပြုနေသည်ဟု စွပ်စွဲထားသည့် ဗလီတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ပြင် စစ်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက အစ္စရေးသည် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် နေ့စဉ်နီးပါး နယ်စပ် ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

အီရတ်ရှိ အမေရိကန်သံရုံးမှ သံရုံးဝန်ထမ်းများကို အီရတ်မှ ထွက်ခွာသင့်ကြောင်း အမေရိကန်က အောက်တိုဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။

Source: အေပီ