CNI International News
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၆
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ်အဖွဲ့၏ ထိပ်သီးတပ်မှူး တစ်ဦးဖြစ်သည့် ရာအိဒ် ဆာအက် (Raed Saad) သေဆုံးခဲ့ကြောင်း ဟားမာ့စ်အဖွဲ့က အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ဆာအက်သည် အောက်တိုဘာလက အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း အစ္စရေး၏ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဟားမာ့စ်အဖွဲ့၏ ရာထူးအကြီးဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။
အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၁၃ ရက်က ဂါဇာစီးတီး (Gaza City) မြို့အနီး၌ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအတွင်း ဆာအက် သေဆုံးခဲ့ခြင်းဖြစ်ပြီး လူ ၂၅ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ ဂါဇာဒေသအကြီးအကဲ ခါလီ အယ် ဟေယာ (Khalil al-Hayya) ကမူ ဒီဇင်ဘာ ၁၄ ရက်က ဆာအက် သေဆုံးကြောင်း အတည်ပြုခဲ့သည့် ဗွီဒီယိုဖိုင် ထုတ်ပြန်ခဲ့ကာ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့သည်။
"သဘောတူညီချက်ကို အစ္စရေးက ဆက်လက် ချိုးဖောက်နေတာကြောင့် ဟားမာ့စ်တပ်မှူး တစ်ဦး သေဆုံးခဲ့ပါ တယ်။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ပေးခဲ့သူတွေ၊ အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာဖို့နဲ့ အကောင် အထည်ဖော်ဖို့ အစ္စရေးကို ဖိအားပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ဂါဇာဒေသအကြီးအကဲ ခါလီ အယ် ဟေယာကို တွေ့ရစဉ်
အောက်တိုဘာ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင် ခဲ့ချိန်ကစပြီး အစ္စရေး သည် ဂါဇာ၌ တိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်ခဲ့သဖြင့် လူ ၃၈၆ ဦး သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိ အာဏာပိုင် များက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ကမူ ဆာအက်သည် ဟားမာ့စ်အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးဌာနချုပ်မှ အကြီးအကဲဖြစ်ပြီး ထိုအဖွဲ့၏ စစ်အင်အားကို တိုးမြှင့်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဆာအက်သည် ဂါဇာစစ်ပွဲကို ဖြစ်ပွားစေခဲ့သည့် အစ္စရေးကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူများထဲတွင် ပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) တို့က ပြောကြားခဲ့ သည်။
Source: အယ်လ်ဂျာဇီးယား
