CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

တော်လှန်ရေး အောင်မြင်ပြီးလျှင် ဟန်လူမျိုးကြီးဝါဒကို ဘယ်တော့မှ အကောင်အထည်ဖော်မှာမဟုတ်ဘူးဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် ပြော ကြားခဲ့သည်။

မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်မှု လက်ခံခြင်း အခမ်းအနားတွင် MNDAA ၏ အရာရှိတစ်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

MNDAA အရာရှိက “တိုင်းရင်းသား လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့အစည်းတွေအားလုံးက ဗမာလူမျိုးကြီး ဝါဒကို ဆန့်ကျင်ကြသည်။ တော်လှန်ရေးအောင်မြင်ပြီးရင် ဟန်လူမျိုးကြီးဝါဒကို ဘယ်တော့မှ အကောင်အ ထည်ဖော်မှာ မဟုတ်ပါ။ တိုင်းရင်းသားလူမျိုးစုအားလုံး၏ အဆင့်အတန်းမခွဲခြားဘဲ တန်းတူညီမျှရေးကို ထောက်ခံအားပေးပြီး တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးဆန္ဒနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ လေးစား ပါသည်”ဟု ပြောသည်။

ထို့နောက် ပြည်ထောင်စုကို ပိုင်းခြားမည် မဟုတ်ကြောင်း၊ တိုင်းရင်းသားအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လွတ်လပ်စွာ ခံစားနိုင်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် တက်ကြစွာ ပါဝင်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။

မြန်မာအစိုးရသည် MNDAA သည် ကိုးကန့်လူမျိုးစု လက်နက်ကိုင်အဖြစ် နားလည်ထားသော်လည်း MNDAA ကမူ မိမိတို့သည် ကိုးကန့်လူမျိုးများဖြစ်သည်ဟု ပြောဆိုခြင်းထက် ဟန်လူမျိုး(တရုတ်)များ ဖြစ်ကြောင်းသာ ပြောဆိုလေ့ရှိခြင်းက မေးခွန်းထုတ်စရာဖြစ်နေကြောင်း မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြလျက်ရှိ သည်။

MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်

တရုတ်နိုင်ငံတွင် လူမျိုးနွယ်စု ပေါင်းများစွာရှိသည့်အနက် ဟန်လူမျိုးသည် လူမျိုးကြီးဖြစ်သည်။

MNDAA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က အကောင်အထည်ဖော်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးတွင် ကိုးကန့်ဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် လောက်ကိုင်မြို့၌ အုပ်ချုပ်ရေးထူထောင်စဉ် ဗမာတိုင်းရင်းသား များကို ထွက်ခွာခိုင်းခဲ့သလို လောက်ကိုင်မြို့သို့ ဗမာတိုင်းရင်းသားများကို ပြန်လည်အဝင်မခံတော့ပဲကြောင်း၊ လောက်ကိုင်မြို့ရှိ ဗမာတိုင်းရင်းသားများ နေထိုင်သည့် နေရာအဆောက်အအုံများကို ဖြိုချဖျက်ဆီးပစ်ခဲ့ကြောင်း လောက်ကိုင်မြို့မှ ထွက်ခွာလာရသူများက ပြောသည်။

ထို့ကြောင့် MNDAA ပြောဆိုသုံးနှုန်းနေသည့် ဟန်လူမျိုးဆိုသည်မှာ တရုတ်လူမျိုးဟု ခံယူနေသည့် သဘော သက်ရောက်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် တော်လှန်ရေး၏ နောက်ကွယ်မှာ တရုတ်နိုင်ငံ ရှိနေ မလား မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကြား မေးခွန်းထုတ်လျက်ရှိနေသည်။

လက်ရှိတွင် MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် လားရှိုးမြို့ကို ကာကွယ်နေသော မြန်မာ့တပ်မတော် စစ်စခန်းများနှင့် ဌာနချုပ်များကို တိုက်ခိုက် လျက်ရှိနေသည်။

MNDAA ကို ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ဖုန်ကြားရှင်က ခွဲထွက်ကာ ထူထောင်ခဲ့ ခြင်းဖြစ်သည်။