CNI International News

ဝါရှင်တန်၊ ဇူလိုင် ၃၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံရှိ မြေရှားသတ္တုရရှိရေး အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဆွေးနွေးဖွယ်ရှိသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒကို ပြောင်းလဲစေမည့် အဆိုပြုချက် များကို စဉ်းစားသုံးသပ်နေကြောင်း သတင်းရင်းမြစ် ၄ ဦးက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ရေးသားခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံ၏ မြေရှားသတ္တုများ တရုတ်ထံသို့ ရောက်ရှိနေသည့် အခြေအနေကို လမ်းကြောင်း လွှဲပြီး ထိုမြေရှားသတ္တုများကို အမေရိကန်က ရယူရန် ရည်ရွယ်ထားသည်ဟုလည်း ထိုအကြောင်းအရာနှင့် နီးစပ် သည့် သတင်းရင်းမြစ် ၄ ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ မြေရှားသတ္တု တူးဖော်မှုကို ပြသထားစဉ်

သို့သော် သယ်ယူပို့ဆောင်ရေးတွင် ကြီးမားသည့် စိန်ခေါ်မှုများရှိနေကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြ သည်။

အလားတူ ထိုကိစ္စနှင့် ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်း မရှိသေးပေ။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏ မြေရှားသတ္တုများကို ရယူရန် ဆုံးဖြတ်ခဲ့မည်ဆိုလျှင် ထိုသတ္တုများ တည်ရှိ သည့် နယ်မြေများကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် သဘောတူညီချက် ရရှိရန် လိုအပ် မည်ဖြစ်သည်။

ထရမ့်အစိုးရအဖွဲ့ကို အဆိုပြုထားသည့် အဆိုပြုချက်များအနက် တစ်ချက်မှာ မြန်မာ့တပ်မတော် အနေဖြင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် ငြိမ်းချမ်းရေးယူရန် ဆွေးနွေးမှုများ ပြုလုပ်အောင် တိုက်တွန်းရေးဖြစ်ပြီး အခြားအဆိုပြုချက် တစ်ခုမှာ အမေရိကန်အနေဖြင့် KIA နှင့် တိုက်ရိုက် ဆွေးနွေးရေးဖြစ်သည်။

လက်ရှိတွင် အမေရိကန်သည် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံတွင် အာဏာကို ရယူခဲ့သည့် မြန်မာ့တပ်မတော်နှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံမှာ မြေရှားသတ္တု တူးဖော်နေမှုကိုတွေ့ရစဉ်

ထရမ့်အစိုးရအဖွဲ့အား ထိုအဆိုပြုချက်များကို အမေရိကန်စီးပွားရေး လော်ဘီတစ်ဦးက တင်သွင်းခဲ့ခြင်းဖြစ်သည် ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုစီးပွားရေးလော်ဘီသည် KIA နှင့် အခြားပြည်ပ ကျွမ်းကျင်သူများနှင့် သွယ်ဝိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ထိုနွေးမှုများအကြောင်းသည် ယခင်က ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

သတ္တု ၁၇ မျိုးပါဝင်သည့် မြေရှားသတ္တု အုပ်စုသည် နည်းပညာမြင့် ပစ္စည်းများ၊ တိုက်လေယာဉ်များနှင့် အဆင့်မြင့် လက်နက်စနစ်များ ပြုလုပ်ရာတွင် မရှိမဖြစ် အသုံးပြုရသည့် သတ္တုအမျိုးအစားများဖြစ်သည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး မြန်မာ့တပ်မတော်နှင့် KIA  တို့က မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ