CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် အောက်တိုဘာ ၁ ရက်က ဒီမိုကရက် များ ဦးဆောင်သည့် ပြည်နယ်များအတွက် ဘတ်ဂျက်ငွေ ၂၆ ဘီလျံကို ဆိုင်းငံခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဒီမိုကရက်များ၏ ဦးစားပေး အစီအစဉ်များကို ပစ်မှတ်ထားရန် အစိုးရအဖွဲ့ယန္တရား ရပ်ဆိုင်းမှုအား အသုံးချသွား မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
ပစ်မှတ်ထားခံခဲ့ရသည် စီမံကိန်းများအတွင်း လွှတ်တော်၏ ထိပ်သီး ဒီမိုကရက်နှစ်ဦး နေထိုင်သည့် နယူးယောက် (New York) ပြည်နယ်ရှိ ဒေါ်လာ ၁၈ ဘီလျံတန်ဖိုးရှိ သယ်ယူပို့ဆောင်ရေး စီမံကိန်းများနှင့် ကယ်လီဖိုးနီးယား (California)ပြည်နယ်နှင့် အီလီနွိုက်စ် (Illinois) ပြည်နယ်တို့ အပါအဝင် ဒီမိုကရက် ၁၆ ဦး အုပ်ချုပ်ထားသည့် အခြားပြည်နယ်များမှ ဒေါ်လာ ၈ ဘီလျံ တန်ကြေးရှိ စွမ်းအင်စီမံကိန်းများ ပါဝင်ခဲ့သည်။
ထိုအချိန် အတောအတွင်း ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (JD Vance) က အစိုးရယန္တရား ရပ်ဆိုင်းမှုသည် ရက် အနည်းငယ် ထပ်မံကြာမြင့်မည်ဆိုပါက အစိုးရသည် ၎င်း၏ ဖက်ဒရယ်ဝန်ထမ်းများအား ရာထူးလျှော့ချမှုများကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ကြောင်း သတိပေးခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုလုပ်ဆောင်ချက်များအရ ထရမ့်သည် အစိုးရယန္တရား ရပ်ဆိုင်းမှုကို အခွင့်ကောင်းယူပြီး ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များအား ထိုးနှက်ရန်နှင့် ဒေါ်လာ ၇ ထရီလျံ တန်ဖိုးရှိ ဖက်ဒရယ်ဘတ်ဂျက်အပေါ် ၎င်း၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လိမ့်မည်ဆိုခြင်းမှာ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
“ဘီလျံနဲ့ချီတဲ့ ဒေါ်လာတွေ အလေအလွှင့် မဖြစ်တော့ပါဘူး”ဟု ထရမ့်က အောက်တိုဘာ ၁ ရက်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
အမေရိကန်တွင် ယခုတစ်ကြိမ် အစိုးရအဖွဲ့ယန္တရား ရပ်ဆိုင်းမှုသည် ၁၉၈၁ ခုနှစ်နောက်ပိုင်း ၁၅ ကြိမ်မြောက် ဖြစ်ပြီး အစိုးရအဖွဲ့၏ သိပ္ပံနှင့်သုတေသန၊ ဘဏ္ဍာရေးကြီးကြပ်မှု၊ သဘာဝပတ်ဝန်းကျင်အရေးနှင့် အခြားအရေး ကိစ္စများကို ဆိုင်းငံ့သွားစေခဲ့သည်။
ဖက်ဒရယ်ဝန်ထမ်း ၇၅၀,၀၀၀ ခန့်သည် အလုပ်သို့ မလာရန် ညွှန်ကြားခံခဲ့ရပြီး စစ်သားများနှင့် နယ်စပ်ကင်းလှည့် အေးဂျင့်များကဲ့သို့ အချို့ဝန်ထမ်းများသည် လစာမရဘဲ တာဝန်ထမ်းဆောင်နေရသည်။
အမေရိကန်တွင် ယခုအကြိမ်မတိုင်မီ နောက်ဆုံးအကြိမ် အစိုးရအဖွဲ့ယန္တရား ရပ်တန့်မှုသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကြား ၃၅ ရက်ကြာမြင့်ခဲ့သည်။
Source: ရိုက်တာ