CNI International News
ဒမတ်စကတ်၊ အောက်တိုဘာ ၃
ဆီးရီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက သူပုန်များ၏ ထိုးစစ်ကြောင့် အာဏာရှင် ဘာရှာ အာဆတ် (Bashar Assad) အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်ရွေးကောက်ပွဲများကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသွားမည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အာဆတ်၏ နှစ်ပေါင်း ၅၀ ကြာ အုပ်ချုပ်မှုအောက်တွင် ဆီးရီးယားပြည်သူ အားလုံးသည် မဲပေးနိုင်ခဲ့ကြသော် လည်း ထိုရွေးကောက်ပွဲများတွင် အာဆတ် ဦးဆောင်သည့် ဘာ့သ်ပါတီ (Baath Party) ကသာ လွှတ်တော်ကို အမြဲတမ်း ထိန်းချုပ်နိုင်ခဲ့သည်။
နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ လုပ်ငန်းစဉ်အတိုင်း အပြည့်အဝ ကိုက်ညီ လိမ့်မည် မဟုတ်သော်လည်း မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်မဲများ (electoral college) ဖြင့် ရွေးချယ်သည့် စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည်။
ထို့ပြင် လွှတ်တော်နေရာ ၃ ပုံ ၁ ပုံကို ယာယီသမ္မတ အာမက် အယ်ရှာရား (Ahmad al-Sharaa) က တိုက်ရိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
သမ္မတဟောင်း အာဆတ်ကို ဖြုတ်ချလိုက်တဲ့ လက်ရှိဆီးရီးယားသမ္မတ အယ်ရှာရားကို တွေ့ရစဉ်
ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို အထူးတလည် ရရှိမည် မဟုတ်သည့်တိုင် ဆီးရီးယားပြည်တွင်းတွင် ယာယီအာဏာပိုင်များသည် အမျိုးသမီးများနှင့် လူနည်းစုများ၏ အခွင့်အရေးများ အတွက် မည်မျှအလေးထား ဆောင်ရွက်မည်ဆိုခြင်းကို ပြသမည့် စမ်းသပ်ချက်တစ်ခု ဖြစ်လာနိုင်သည်။
နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၌ နေရာ ၂၁၀ ရှိသည်။
ထိုနေရာများအနက် ၃ ပုံ ၂ ပုံကို ကိုယ်စားလှယ်မဲများဖြင့် ရွေးကောက်မည်ဖြစ်ကာ ကျန် ၁ ပုံကို သမ္မတက တိုက်ရိုက် ခန့်အပ်မည်ဖြစ်သည်။
ထို့ကြောင့် ကိန်းကဏ္ဍန်းအားဖြင့် ခရိုင် ၆၀ ကျော်ရှိ ကိုယ်စားလှယ်မဲ ရွေးချယ်ရေးအဖွဲ့ဝင် ၇၀၀၀ သည် လွှတ်တော်နေရာ စုစုပေါင်း၏ ၃ ပုံ ၂ ပုံဖြစ်သည့် နေရာ ၁၄၀ ကို ရွေးကောက်ရမည်ဖြစ်ပြီး ကျန် ၁ ပုံကို အယ်ရှာရားက တိုက်ရိုက် ခန့်အပ်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ဆဝိုက်ဒါ (Sweida) ပြည်နယ်နှင့် ကာ့ဒ်များ ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နိုင်ငံအရှေ့မြောက်ပိုင်း ဒေသများတွင်မူ တင်းမာမှု အခြေအနေများကြောင့် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းထားမည်ဖြစ်သည်။
Source: အေပီ