CNI International News
ဒမတ်စကတ်၊ အောက်တိုဘာ ၄
ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ကို ဖြုတ်ချပြီးနောက်ပိုင်း ပထမဆုံး လွှတ်တော်ကို တည်ထောင်ရန် အောက်တိုဘာ ၅ ရက်၌ ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုရွေးကောက်ပွဲသည် အာဆတ်၏ အုပ်ချုပ်မှု လက်အောက်မှ အသွင်ကူးပြောင်းရေး၏ အဓိက ခြေလှမ်း ဖြစ်သော်လည်း နိုင်ငံ၏ ခေါင်းဆောင် အသစ်များအောက်တွင် နိုင်ငံရေးအရ ပေါင်းစုံပါဝင်မှု ရှိ၊ မရှိအပေါ် စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်နေသည်။
၁၄ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်း စစ်ပွဲကြောင့် ပြိုကျပျက်စီးခဲ့သည့် ဆီးရီးယားနိုင်ငံတွင် ယာယီသမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) သည် ၎င်း၏ ချုပ်ကိုင်မှုကို စုစည်းရန် ကြိုးပမ်းနေသည်။
ထို့ပြင် လူနည်းစုများအကြား အယ်ရှာရား၏ အစ္စလာမ္မစ် ဦးဆောင်သော အုပ်ချုပ်ရေးကို သံသယဖြစ်စေသည့် မကြာသေးမီက ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့သည်။
ဆီးရီးယား လွှတ်တော်အဆောက်အအုံကို တွေ့ရစဉ်
ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူက တိုက်ရိုက် မဲပေးရွေးချယ်သည့် ပုံစံဖြင့် မဟုတ်ဘဲ ဒေသဆိုင်ရာ ကိုယ်စားလှယ်မဲ (electoral colleges) များဖြင့်ရွေးချယ်သည့် ရွေးကောက်ပွဲပုံစုံဖြစ်သည်။
ထိုကိုယ်စားလှယ်မဲများတွင် မဲပေးသူ ၆၀၀၀ ရှိပြီး လွှတ်တော်နေရာ ၂၁၀ အနက် ၃ ပုံ ၂ ပုံကို ရွေးချယ်ရမည် ဖြစ်သည်။
ကျန်လွှတ်တော်နေရာ ၃ ပုံ ၁ ပုံကို ရာရှားက တိုက်ရိုက် ရွေးချယ်သွားမည်ဖြစ်သည်။
လက်ရှိအချိန်ထိ ရှာရား ဖွဲ့စည်းခဲ့သည့် ကော်မတီသည် ကိုယ်စားလှယ်လောင်း ၁၅၇၀ ကို အတည်ပြု ပေးခဲ့ပြီးဖြစ်သည်။
ယုံကြည်စိတ်ချရသော လူဦးရေ အချက်အလက် နည်းပါးခြင်းနှင့် စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံသား သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးမည့်အစား ကိုယ်စားလှယ် မဲများဖြင့် ရွေးချယ်သည့် စနစ်ကို အသုံးပြုခဲ့ကြောင်း ဆီးရီးယားအာဏာပိုင်များက ပြောကြားခဲ့သည်။
Source: ရိုက်တာ