CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၄

ပြီးခဲ့သည့်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ၎င်း၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) နှင့်အတူ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် ထွက်ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင်နေရာကို ဆက်ခံမည့်သူနှင့် ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်လာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့ သည်။

အသက် ၁၃ နှစ်အရွယ်ခန့်သာ ရှိသေးသည့် ဂျူအဲသည် ဘေကျင်းမြို့တော်တွင် ပြုလုပ်သော စစ်ရေးပြ အခမ်းအနား၌ ဖခင်ဖြစ်သူနှင့်အတူ တက်ရောက်ခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း ဂျူအဲသည် ကင်မ်နှင့်အတူ လူထုရှေ့ထွက်ပေါ်လာခဲ့သဖြင့် သူသည် ဖခင်နေရာကို ဆက်ခံမည့် ပထမဆုံး မြောက်ကိုရီးယား အမျိုးသမီး ခေါင်းဆောင် ဖြစ်လာလိမ့်မည်ဟုလည်း ထင်ကြေးပေး ခံခဲ့ရသည်။

“၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဂျူအဲဟာ လူမြင်ကွင်းကို အကြိမ် ၃၀ လောက် ထွက်ပေးလာခဲ့ပါတယ်။ တစ်ခါတလေမှာ ဒုံးကျည်စက်ရုံတွေ၊ စစ်ရေးပြ အခမ်းအနားတွေလို စစ်ဘက်ဆိုင်ရာနဲ့ သက်ဆိုင်တဲ့ နေရာတွေ ပေါ့” ဟု မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ဆောင်ယွန်းလီ (Sung-yoon Lee) က ပြောကြားခဲ့သည်။

ကင်မ်ဂျူအဲနဲ့ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

ထို့ပြင် ဂျူအဲသည် ဖခင်ဖြစ်သူ ကင်မ်ကဲ့သို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် အာဏာရလာနိုင်သည်ဟုလည်း မြောက်ကိုရီးယား အရေးနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရကို အကြံပေးနေသည့်  Sejong Institute မှ သုတေသီတစ်ဦးဖြစ်သည့် လီက ပြောကြားခဲ့သည်။

သို့သော် ဂျူအဲသည် နိုင်ငံရေး အတွေ့အကြုံ မစုံလင်ခင် အချိန်အထိ နိုင်ငံကို အုပ်ချုပ်နိုင်လိမ့်ဦးမည် မဟုတ်ကြောင်း လီက ပြောသည်။

ထို့ကြောင့် ဂျူအဲ အာဏာရမလာမီ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံ (Kim Yo Jong) သည် မြောက်ကိုရီးယား ခေါင်းဆောင်ရာထူးကို ရယူနိုင်သည့် ပထမဆုံး ကင်မ် မိသားစုဝင် တစ်ဦး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၁၉၄၈ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံကို ကင်မ်အီဆွန်း (Kim Il Sung) က ထူထောင်ခဲ့ပြီးနောက် ကင်မ်မိသားစု ၃ ဆက်သည် မြောက်ကိုရီးယားကို ဆက်တိုက်အုပ်ချုပ်ခဲ့သည်။

Source: CAN