CNI International News

ဟောင်ကောင်၊ စက်တင်ဘာ ၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (Kim Jong-un)သည် သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju-ae)အား တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ စစ်ရေးပြ အခမ်းအနားသို့ ခေါ်ဆောင်လာခဲ့သည့် ဓာတ်ပုံများသည် ကမ္ဘာ့မီဒီယာ များ၏ အာရုံကို ဆွဲဆောင်သွားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဆယ်ကျော်သက် အရွယ်ဖြစ်သည့် ဂျူအဲကို ပထမဆုံး အကြိမ်အဖြစ် ပြည်ပခရီးစဉ်တွင် ခေါ်ဆောင်လာခဲ့ ခြင်းသည် မြောက်ကိုရီးယား ခေါင်းဆောင်ရာထူးကို ဆက်ခံသူအဖြစ် ရွေးချယ်သည့် လက္ခဏာဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

မြောက်ကိုရီးယားအရေးလေ့လာသူများကတော့ ကင်မ်နှင့် ဂျူအဲတို့၏ ပြည်ပခရီးစဉ်ကို ကင်မ်၏ ဖခင် ကင်မ်ဂျုံ အီလ် (Kim Jong-il) နှင့် အဖိုးဖြစ်သူ ကင်မ်အီဆွန်း (Kim Il-sung) တို့၏ ပြည်ပခရီးစဉ်နှင့် နှိုင်းယှဉ်ခဲ့ကြသည်။

ကင်မ်ဂျုံအီသည် အသက် ၁၇ နှစ်အရွယ်တွင် ၎င်း၏ဖခင်ဖြစ်သူ ကင်မ်အီဆွန်းနှင့်အတူ ၁၉၅၉ ခုနှစ်က ရုရှားနိုင်ငံ မော်စကိုမြို့တော်သို့ လိုက်ပါလာခဲ့သလို ၁၉၈၃ ခုနှစ်ကလည်း ကင်မ်အီဆွန်း၏ ဘေဂျင်းခရီးစဉ် အပါအဝင် တရုတ်သို့ သွားရောက်သည့် ခရီးစဉ်များကို ကင်မ်ဂျုံအီက လိုက်ပါခဲ့ဖူးသည်။

တရုတ်ခရီးစဉ်မှာ ကင်မ်ဂျူအဲကို တွေ့ရစဉ်

“ပြည်ပနိုင်ငံမှာ ကင်မ်ဂျူအဲရဲ့ လူထုမြင်ကွင်း ထွက်ပေါ်လာတဲ့ ဖြစ်ရပ်ကို သုံးသပ်ရမယ်ဆိုရင် သူဟာ အနာဂတ် မှာ မြောက်ကိုရီးယား ခေါင်းဆောင်နေရာကို ဆက်ခံရမယ့်သူဆိုတဲ့ အချက်ကို ငြင်းပယ်လို့ ရမှာမဟုတ်ပါဘူး” ဟု တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ကင်မ်ဟောင်ဆွတ် (Kim Hyung-seok ) က ပြောကြားခဲ့သည်။

“ဒါပေမယ့် သမီးဖြစ်သူ ဂျူအဲကို ခေါ်လာတာဟာ ကင်မ်အစိုးရအဖွဲ့ရဲ့ မကောင်းတဲ့ပုံရိပ်ကို ဖုံးဖိချင်တဲ့ မဟာဗျူဟာလည်း ဖြစ်နိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ကင်မ်ဂျူအဲ၏ အမည်ကို ၂၀၁၃ ခုနှစ်တွင် ပြင်ပကမ္ဘာက ပထမဆုံးအကြိမ် ကြားသိခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်က မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည့် အမေရိကန် ဘတ်စကက် ဘောသမားဟောင်း ဒန်းနစ် ရော့မန်း (Dennis Rodman) က သူသည် ကင်မ်၏ မွေးကင်းစ သမီးဖြစ်သော ဂျူအဲကို တွေ့ခဲ့ဖူးကြောင်း ပြောကြားခဲ့ပြီး ထိုသတင်းသည် ပျံ့သွားခဲ့သည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ်မှ ယခု ၂၀၂၅ ခုနှစ်ကို တွက်ကြည့်ရမည်ဆိုပါက ဂျူအဲ၏ အသက်သည် ၁၂ နှစ်အရွယ် ရှိပြီဟု ယူဆရကြောင်း ကိုရီးယားအရေး ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: South China Morning Post