CNI International News

ဂျေရုဆလင်၊ စက်တင်ဘာ ၅

အစ္စရေးနိုင်ငံတွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဟားမာ့စ်တို့ ဖမ်းဆီးထားသော ဓားစာခံများကို ပြန်လည်လွတ်မြောက်စေရန်အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုယူရန် တောင်းဆို ဆန္ဒပြခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ ၃ ရက်က ဆန္ဒပြမှုတွင် ဆန္ဒပြသူများသည် ဂျေရုဆလင် (Jerusalem) မြို့တော်ရှိ အမျိုးသား စာကြည့်တိုက် ခေါင်မိုးပေါ်သို့ တွယ်တက်ခဲ့ကြသည်။

ဆန္ဒပြသူများက အမျိုးသားစာကြည်တို့၏ မျက်နှာစာတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ၏ ဓာတ်ပုံများနှင့်အတူ "ခင်ဗျားက ဓားစာခံတွေကို လျစ်လျှူရှုပြီး သူတို့ကို သတ်နေတယ်" ဆိုသည့် စာသားကိုပါ ရေးသားဖော်ပြခဲ့သည်။

နေတန်ယာဟု၏ နေအိမ်အနီး အပါအဝင် ဂျေရုဆလင်မြို့၏ နေရာအနှံ့တွင် ဆန္ဒပြသူများက အမှိုက်ပုံများကို မီးရှို့ခဲ့ကြပြီး အစ္စရေးမီဒီယာအချို့ကမူ ကားများလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြခဲ့သည်။

 

 ဂါဇာဒေသ အတွင်း နေထိုင်မှုကို တွေ့ရစဉ်

ထို့ပြင် ဆန္ဒပြသူများသည် အစ္စရေးလွှတ်တော်ဖြစ်သော Knesset အဆောက်အအုံသို့ သွားရောက်သည့် လမ်းများ ကိုလည်း ပိတ်ဆို့ထားခဲ့သည်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ၏ အကြီးဆုံး နယ်နိမိတ်ဖြစ်သော ဂါဇာစီးတီးမြို့ကို ထိန်းချုပ်ရန် အတွက် သောင်းနှင့်ချီသည့် အရန်တပ်ဖွဲ့ဝင်များကို စစ်စည်းရုံးမှု စတင်ခဲ့ပြီးနောက် ထိုဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ပွဲဆန့်ကျင်သူများနှင့် နေတန်ယာဟု၏ လက်ယာယိမ်း ညွန့်ပေါင်းအစိုးရကို ဆန့်ကျင်သည့် အတိုက်အခံများ ကလည်း စစ်ပွဲသည် အစ္စရေးစစ်သားများ၏ အသက်အန္တရာယ်ကိုသာမက ဟားမာ့စ်တို့ ဖမ်းဆီးထားသော ဓားစာခံများ၏ အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရကြောင်း ပြောကြားခဲ့သည်။

ဂါဇာတွင် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံ ၄၈ ဦး ကျန်ရှိနေသေးပြီး ထိုဓားစာခံများအနက် ၂၀ ခန့်သာ အသက်ရှင်လျက် ကျန်ရှိတော့သည်ဟု အစ္စရေးက ယူဆထားသည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က ကာတာနှင့် အီဂျစ် စေ့စပ်ညှိနှိုင်းသူများ၏ အဆိုပြုချက်ဖြင့် သဘောတူညီမှု ရရှိခဲ့သည့် ဟားမာ့စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးရန် ငြင်းဆိုခဲ့သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကိုလည်း ဆန္ဒပြသူများက ဒေါသထွက်နေကြသည်။

Source: DW