CNI International News
ဒမတ်စကတ်၊ သြဂုတ် ၂၅
စက်တင်ဘာလတွင် ဆီးရီးယား၏ အစ္စလာမ်မစ်အစိုးရသစ် လက်ထက်၌ ပထမဆုံးအကြိမ် ပြုလုပ်ရန် စီစဉ်ထား သည့် ပါလီမန်ရွေးကောက်ပွဲကို လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဆဝိုင်ဒါပြည်နယ်၊ ဆဝိုင်ဒါ (Sweida) မြို့နှင့် အခြားတောင်ပိုင်းပြည်နယ်နှစ်ခုကို ချန်လှပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာမှဖော်ပြခဲ့သည်။
ဇူလိုင်လက ဆဝိုင်ဒါမြို့တွင် ဒရုဇ် တိုက်ခိုက်ရေးသမားများနှင့် ဆွန်နီ ဘီဒူအင် မျိုးနွယ်စုကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူပေါင်းရာချီ သေဆုံးခဲ့ကာ မတည်ငြိမ်မှုများကို ထိန်းချုပ်ရန်အတွက် ထိုမြို့ထံ အစိုးရတပ်ဖွဲ့များ စေလွှတ်ခဲ့သည်။
အစ္စရေးက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဆီးရီးယား အစိုးရတပ်ဖွဲ့များက ဒရုဇ်များကို အစုလိုက် သတ်ဖြတ်မှုအား တားဆီးရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။
ဒရုဇ်များသည် ဆီးရီးယား၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် နေထိုင်သော အစ္စလာမ်မစ် လူနည်းစုဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်
ဆဝိုင်ဒါမြို့တွင် ဒရုဇ်အများစု နေထိုင်သကဲ့သို့ ဆွန်နီမျိုးနွယ်စု များလည်းရှိသည်။ ထိုအသိုင်းအဝိုင်း နှစ်ခုသည် မြေယာ၊ အရင်းအမြစ်များနှင့်ပတ်သက်ပြီး ကာလကြာရှည် တင်းမာနေကြသည်။
ဆဝိုင်ဒါပြည်နယ်ရှိ အဓိက ဒရုဇ်အဖွဲ့များက သမ္မတ အာမက်အယ်ရှား(Ahmed al-Sharaa)၏ အစိုးရအဖွဲ့ကို အစွန်းရောက်ဟု ခေါ်ဆိုခဲ့ကာ အစိုးရတပ်ဖွဲ့များအား မြို့တွင်း ဝင်ရောက်ခွင့် ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ ကိုယ်ပိုင် လုံခြုံရေးကို ကိုင်တွယ်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ကာ့ဒ်ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြောက်ပိုင်း ဟာဆာကာနှင့် ရက်ကာပြည်နယ် များတွင်လည်း ဘေးကင်းလုံခြုံသည့် ပတ်ဝန်းကျင် ရှိလာမည့် အချိန်အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသွားမည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။
ထိုပြည်နယ်သုံးခုမှ ပါလီမန် ထိုင်ခုံနေရာများကို ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အချိန်အထိ လစ်လပ်ထားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ အဆင့်မြင့်ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက SANA သတင်းအေဂျင်စီကို ပြောပြခဲ့သည်။
“ရွေးကောက်ပွဲဆိုတာ အစိုးရရဲ့ ထိန်းချုပ်မှုအောက် အပြည့်အဝရှိနေတဲ့ ဒေသတွေမှာသာ ကျင်းပနိုင်တဲ့ အချုပ်အခြာအာဏာ တစ်ရပ်ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုဆုံးဖြတ်ချက်ကို ကာ့ဒ်အာဏာပိုင်များက ဝေဖန်ခဲ့သည်။
“ဒီရွေးကောက်ပွဲတွေက ဒီမိုကရေစီ နည်းလမ်း မကျတဲ့အပြင် ဆီးရီးယား နိုင်ငံသားတွေရဲ့ ဆန္ဒတွေကို မဖော်ပြ နိုင်ပါဘူး။ သူတို့တွေက ဖယ်ထုတ်တဲ့ မူဝါဒကလွဲရင် ဘာကိုမှ ကိုယ်စားမပြုပါဘူး”ဟု မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဆီးရီးယား၏ ဒီမိုကရက်တစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းက သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ