CNI International News

အဘူဂျာ၊ ဇန်နဝါရီ ၁၁

လုံခြုံရေးအတွက် အာမခံချက်မရှိလျှင် ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပမည့် နိုင်ဂျီးရီးယားအထွေထွေ ရွေးကောက်ပွဲကို ဖျက်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းဖြစ်နိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်ကပြော ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

လုံခြုံရေးကို မဆောင်ရွက်နိုင်ဘူးဆိုလျှင် ရွေးကောက်ပွဲရလဒ် ကြေညာမှုကို ထိခိုက်နိုင်ခြေရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲဖျက်သိမ်း သို့မဟုတ် ရွှေ့ဆိုင်းမှုမျိုး ရှိလာနိုင်သည်ဟု နိုင်ဂျီးရီးယား နိုင်ငံ လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင် (INEC)၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ အဗ္ဗဒူလာဟီ အဗ္ဗဒူ ဇူရူ (Abdullahi Abdu Zuru) က ပြောသည်။

နိုင်ဂျီးရီးယားသမ္မတ မူဟာမက် ဘူဟာရီ (Muhammadu Buhari)သည် ရာထူးမှ ထွက်ခွာသွားသည့်တိုင် လက်နက်ကိုင် အဖွဲ့အစည်းများကြောင့်ဖြစ်သော ၁၃ နှစ်ကြာ အကြမ်းဖက်မှုများကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပေ။

နိုင်ဂျီးရီးယား လွတ်လပ်သော အမျိုးသားရွေးကောက်ပွဲကော်မရှင် (INEC)၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ အဗ္ဗဒူလာဟီ အဗ္ဗဒူ ဇူရူကိုတွေ့ရစဉ် (GETTY IMAGES)

နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဘိုကာဟာရမ်အဖွဲ့မှ အကြမ်းဖက်မှုများ လုပ်ဆောင်နေပြီး အနောက်မြောက်ပိုင်းတွင် ဓားပြများ၏ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုများ မြင့်တက်လာသလို အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်း ပြည်နယ်များ တွင်လည်း ခွဲထွက်ရေးဆိုင်ရာ တင်းမာမှုများ ပေါ်ပေါက်လျက်ရှိသည်။

ဒီအခြေအနေက အခြေခံဥပဒေဆိုင်ရာ ပဋိပက္ခတစ်ခုကို ဖြစ်စေနိုင်ကြောင်း၊ ယင်းကို ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် ရှင်းလင်းသင့်ကြောင်းနှင့် ပေါ်ပေါက်လာနိုင်သော အခြေအနေများအတွက် လုံခြုံရေးနှင့် ရွေးကောက်ပွဲ အရာရှိများကို ပြည့်ပြည့်စုံစုံ ထောက်ပံ့ထားသင့်ကြောင့်လည်း ဇူရူက ပြောသည်။

သို့သော် နိုင်ဂျီးရီးယားအမျိုးသားလုံခြုံရေးအကြံပေးနှင့် INEC ဥက္ကဋ္ဌ တို့က လာမည့် ရွေးကောက်ပွဲကို အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ကောင်းမွန်သော အခြေအနေများဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု အာမခံထား ကြောင်းလည်း ၎င်းက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

လက်ရှိအချိန်တွင် နိုင်ဂျီးရီးယားသည် လုံခြုံရေးဆိုင်ရာ ပြင်းထန်သော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် စနေနေ့က လက်နက်ကိုင်များသည် ဘူတာရုံတစ်ခုကို ဝင်တိုက်ကာ လူအယောက် ၃၀ ခန့်အား ပြန်ပေး ဆွဲသွားခဲ့သည်။

INEC ၏ အဆိုအရ ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အတွင်း ရွေးကောက်ပွဲနှင့်သက်ဆိုင်သော အကြမ်းဖက်မှုများတွင် ၎င်းတို့ ၏ ရုံးများ အကြိမ် ၅၀ ခန့် တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း ISIS နှင့် ဆက်နွယ်နေသော တိုက်ခိုက်ရေးသမားများက အဘူဂျာရှိ အကျဉ်းထောင် တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကျဉ်းသား ရာချီ၍ လွှတ်မြောက်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အမေရိကန်အစိုးရမှ ၎င်းတို့ သံဝန်ထမ်း မိသားစုများကို အဘူဂျာမှ ထွက်ခွာရန် အမိန့် ထုတ်ပြန်ခဲ့ရသည်။

Source: အယ်ဂျာဇီးယား